Wednesday, November 19, 2014
၂၀၁၄ ရဲ့ ယောနကသားတွေ ပေးအပ်လိုက်တဲ့ ကြယ်နှစ်ပွင့်
၂၀၁၄ ရဲ့ ယောနကသားတွေ ပေးအပ်လိုက်တဲ့ ကြယ်နှစ်ပွင့်
====================================
" မင်းကြိုက်လို့ ဒီလမ်းကိုရွေးချယ်ခဲ့ပြီးပြီ။ မင်းခံယူချက်အတိုင်းဆုံးဖြတ်ခဲ့ပီးပီ။ ဘယ်လိုအကြောင်းပြချက်နဲ့မှ ဒီလမ်းကိုနောက်ဆုတ်ဖို့ မတွန့်ပါနဲ့ငါ့တူ။တစ်မိပေါက်တစ်ယောက်ထွန်း ကျားဆိုမှ ကျားဖြစ်အောင် မင်း တာဝန်မင်းစယူပေတော့ငါ့တူ......ငါ့ရွာ ငါ့အမိုးနဲ့ ငါတို့ တစ်မိုးသားလုံးရဲ့ ကြီးမြတ်လေးစားရတဲ့ ဗိုလ်ကြီးဖြစ်အောင် တစ်ဆင့်ချင်းတည်ဆောက်ယူတော့ ငါ့တူ.....ဒါပေမယ့် ငါတို့ တစ်မိုးသားလုံး မျက်မုန်းကိုးခဲ့ကြရတဲ့ ဗိုလ်စုတ် ဗိုလ်ပြတ် အာဏာဖက်တွယ် ယုတ်မာ စဉ်းလဲတတ်တဲ့စရင်းထဲတော့ မပါစေနဲ့ဟေ့...မင်းသမိုင်းကို မင်းလှအောင်ရေးပေးပါ..."
ဒီစကားတွေကို ၂၀၁၄ နှစ်ဦးပိုင်းမှာ ပြုလုပ်တဲ့ စစ်အင်ဂျင်နီယာ ဗိုလ်လောင်း သင်တန်းသားခေါ်ယူပြီး ဒေါက်တင်ပွဲ ( အရာရှိ ခန့်အပ်ပွဲ) ပြုလုပ်ပေးချိန်မှာ မိသားစုနဲ့ ပေးတွေ့ချိန်ခဏ ကျနော် သူ့ကိုပြောခဲ့သော စကားပါ။ကျနော်ပြောနေချိန်ပြုံးပြီးနားထောင်နေသည်။ ကျနော့်တူဆိုပေမယ့် ကျနော်ထက်ခေါင်းတစ်လုံးစာမြင့်သည်။ ထွေးထွေး ( ဦးငယ်လေး) စကားတွေမှတ်ထားပါမယ့် ဟု အသံသြကြီးဖြင့် ပြောလာလေသည်။ သူ့အသက်က ၁၆ကျော်လို့ ၁၇ကြားအရွယ်။ သူ ရွာကနေ တပ်ထဲသင်တန်းသွားတက်တော့ ဘောင်ဘီတိုလေးဝတ်ထားပြီး ခလေးတစ်ယောက်လို တက်ကြွနေခဲ့သည်။ ကျနော်က လက်ဆောင်အဖြစ်ပင် ကျနော့် ဘောင်ဘီတို တစ်ထည်ပေးလိုက်သေးသည်။ " အိမ်ရောက်တော့ဝတ်ကြည့်သေးတယ် နဲနဲ ငယ်တယ် ဖိုးသားရဲ့ " လို ပြန်ပြောပြသူက သူ၏အမေ ကျနော့်မရီး။ထိုဘောင်းဘီကို သဘောကျပေမယ့် သူကြာကြာ မ၀တ်လိုက်ရပါ။ ကျောင်းဘ၀တစ်လျောက်လုံးလဲ ထိုကလေးဟာ ကျနော့်တုန်းကလိုပဲ ကျနော့်ကြီးကြီး သူ့အဖွား ယက်ပေးတဲ့လေးလုံးတင်း ချည်ကြမ်းအင်္ကျီ ချည်ကြမ်းပုဆိုးအစီမ်းဖြင့် နေလာခဲ့ရသူ။ ခုသူ ဆယ်တန်းကို ၃ဘာသာဂုဏ်ထူးဖြင့်အောင်လေတော့ လွတ်လပ်ပီး ပျံသန်းနေရမည့် အရွယ်မလား ။ ကျနော် လူငယ်ဘ၀မှာ လွတ်လပ်မှု့တွေအတွက် ကိုယ်ချင်းစာမိသည် ။ သားအတွက် စိုးရိမ်ကြီးစွာဖြင့် မိခင်မှ အောင်စရင်းထွက်ပြီးတာနဲ့ ပညာရေးတက္ကသိုလ်၊ စစ်အင်ဂျင်နီယာ၊ ဆေးသိပ္ပံ စတဲ့ ဌာနသုံးခုကိုလျှောက်လွှာတင်ခဲ့သည်။ ပထမဆုံးဝင်ခွင့်ရ ပြန်စာမှာတော့ စစ်အင်ဂျင်နီယာ ( DSTA) ပင်။ အသည်းကောင်းလှတဲ့ အမောင်ယောသားက ချက်ခြင်းဆုံးဖြတ်လိုက်သည်။ သူအဲသည့် ကျောင်းကိုပဲတက်မယ်တဲ့ ။သူထွက်သွားပီးမကြာမီ နောက်ထပ်လျှောက်ထားတဲ့ နှစ်ခုကလဲ ရှေ့ဆင့်နောက်ဆင့် အကြောင်းပြန်စာရောက်လာလေသည်။
ထိုအချိန်တွင်တော့ ပတ်ဝန်းကျင်က ဂရုဏာသံနဲ့ ၀ိုင်းဝန်းပြောဆိုမှု့ကြောင့် ကျနော့်မရီးဟာ သားအတွက် ခွဲခွာရမည့်အရေးကို ရတက်မအေးရတော့သည်။ စစ်သည်ဆိုတာနဲ့ အမိန့်၊စည်းကမ်းနဲ့ ဘောင်ထဲမှာပဲနေရတာကြောင့် အချိန်တစ်ခုထိ ခွဲခွာရမှာဖြစ်တယ်။ ပိုမျစ်နုငယ်တဲ့ သူတို့ဦးနှောက် သူတို့ နှလုံးသားတွေကို သူတို့စွမ်းအားတွေကို နိုင်ငံတော်တွက် ပေးဆပ်ကာကွယ် လုံခြုံအားကိုးရစေအောင် ပြုစုပိုးထောင်ကြတော့မှာဖြစ်တယ်။ကူပ်တို့အမိုးထဲမှာ သူလောက်ကောင်းတဲ့ အခွင့်ရေးမရှိခဲ့ကြဘူး။ သူ့တပ်ထဲမှာအောင်မြင်သမျှ အသီးပွင့်တွေဟာ နိုင်ငံတော်ကော ကျနော်တို့ မိုးရိုးသိက္ခာပါ တင့်တယ်စေမယ် ဘာညာဆိုပီး တူတော်မောင် စိတ်သန်နေတာသိတော့ ကျနော် အဆင်းကို ဘီးတပ်ပေးလိုက်သည်။ဒီလိုပြောတော့လည်း သားသည်မိခင်ဟာ သူ့သားအပေါ်ထားတဲ့ မေတ္တာနဲ့ စစ်သားကောင်းတစ်ယောက်ရဲ့ မိခင်ဖြစ်ရမယ့်တန်ဖိုးကို ခွဲခြမ်းရင်းသဘောပေါက်ခဲ့လေသည်။ကျနော့် အကိုက ကိုလူအေး...မိန်းမစောစောယူပီး မိန်းမကြောက်ရသူတစ်ယောက်။ အိမ်မှု့ကိစ္စအ၀၀ကို မိန်းမကပဲဦးဆောင်သည်။ထို့ကြောင့် သူက မှိုင်ထွေထွေကြီးဖြင့် ရှုံ့မဲ့မဲ့ကြီးဘေးနားကထိုင်လို့နားထောင်လျှက်။ ဖခင်တွေဆိုတာကလဲ မျက်ရည်က ထွက်ရခက်လူတွေကိုး ။ဒီတော့ မရီးနဲ့ ကျနော်ပဲ တူတော်မောင်အတွက် အစစအရာရာ ဆုံးဖြတ်ကြသည်။ ကြီးကြီး (ဂျီးတော်) ကတော့ တငိုငိုပေါ့ဗျာ..။ တောက်.....သံယောဇဉ်တွေက ခက်တယ်ဗျ။ " သားအချစ်မြေးအနှစ်တဲ့ "ပြင်ဦးလွင် စစ်တက္ကသိုလ်ဆီ သွားကြတော့မယ်ဆိုတော့ တအီအီငိုရင်း ကျန်နေရစ်ခဲ့သည်။အဖိုးဖြစ်သူကတော့ ဟန်ဆောင်ကောင်းကောင်းဖြင့် ဖိုးဇော်တို့ အရက်ဖိုကနေ အကြမ်းနှစ်လုံးနဲ့ ငြိမ့်နေလေသည်။
မြေးဖြစ်သူပြင်ဦးလွင်ကိုထွက်သွားတော့ အဖွားဖြစ်သူ အိပ်ယာထဲ လဲတော့သည်။ မြေးစိတ်နဲ့ပဲ ထွက်သွားပြီးတလမပြည့်ခင် လေဖြတ်သွားသည်။ထို့နောက် အသက်ပါ ပါသွားသည်။ ကျနော့်တူတော်မောင်ပေးလိုက်ရတဲ့ အရင်းနှီးတွေက များလှသည်။တောကျောင်းလေး သတင်းစာမရှိ၊ တီဗွီမရှိ၊ ဆက်သွယ်ရေးစုတ်ချာချာ ပတ်ဝန်းကျင်မှာ သူကြိုးစားခဲ့ရသည်။အဖွားအိုနဲ့ နေရလေတော့ အိမ်အလုပ်မနားတမ်းလုပ်ရသည်။အိမ် စီးပွားရေးက တောင်သူရိုးရိုး။မိုးလင်းတာနဲ့ အဖိုးကော မိဘနှစ်ပါးစလုံးက ယာတောထဲ တစ်နေကုန်သွားကြရသည်။ တစ်အိမ်လုံးထလုပ်တာတောင် အိမ်စီးပွားရေးက သာမန်။ကံကောင်းတာ တစ်ခုရှိသေးသည်။ ပညာရေးအပြိုင်ဆိုင်မှာ နာမည်ကြီးတဲ့အထက်တန်းကျောင်းရှိတဲ့ရွာ၊ဘွဲရ မိခင်နဲ့ ဓာတ်ခဲ နှစ်လုံးထိုး ရေဒီယို အစုတ်လေးတစ်ခုရှိသည်။ထိုရေဒီယိုကို ထမင်းစားချိန်လေးမှာပင် နားနှင့်အတင်းကပ်ပီးနားထောင်ရင်း ပြင်ပဗဟုသုတကိုလည်းရှာခဲ့သည်။ ထိုသို့ ကြိုးစားခဲ့ရင်း ခရီးလမ်း တစ်ထောက်မှာတော့ လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှု့တွေ ကန့်သတ်ခံလိုက်ရပီ၊အဖွားအသက်ပေးလိုက်ရသည်၊ နွေးထွေးတဲ့ မိသားစုအရိပ်အောက်ကနေ ရုတ်ချည်းခွဲခွာလိုက်ရသည်။သို့သော် သူသည် ကျနော်နှင့်တွေ့ချိန် ထင်မထားလောက်အောင်ပင် တည်ငြိမ်မှု့အပြည့်ဖြင့် ရင် ဆိုင်နေနိုင်လေပြီ။သင်တန်းကြာမြင့်ချိန် ၁လခွဲအတွင်းမှာ သူနဲ့သူ့ဘော်ဒါတွေတသိုက်ဟာ မတ်တပ်ရပ်ပြီး အလေးပြုချင်စရာတွေ တောင့်တောင့် တင်းတင်းကြီးတွေ ဖြစ်နေပါပြီ။
၂၀၁၃- ၂၀၁၄ ခုနှစ်အတွက် DSTA မှ သင်တန်းသားသစ်တွေဟာ သုံးရာဝန်းကျင်ခန့်ရှိပေမည်။ကျနော့်တူ ၆ပေနီးပါးအရပ်ဟာ သူ့သူငယ်ချင်းတွေကြားမှာ ပုပင်ပုနေသေးသယောင်။ ညီညီညာညာ စစ်ရေးပြအခမ်းနားဖြင့် နှစ်ကြီးသမားတွေက သူတို့ကို ကြိုဆိုကြတဲ့ မြင်ကွင်းရယ်၊ သက်ဆိုင်ရာ အကြီးအကဲများမှ ဂုဏ်ပြုစကားပြောကြား၊စတဲ့ အခမ်းနားတစ်ခုဟာ ကျနော်တို့ကျေးတောသား ညီအစ်ကို တစ်စုအဖို့ တအံ့တသြပေါ့။ကျနော့်အနေနဲ့ဆို ဒီလိုစစ်ရေးပြအခမ်းနားကို အရှင်လတ်လတ် မြင်ခွင့်ရတာ ကျေနပ်နေမိသည်။ဘာလို့လဲဆိုတော့ ဗီဒီယိုခွေထိုးကြည့်ရင် တွေ့ရလေ့ရှိတဲ့ နိုင်ငံရေးဦးတည်ချက်....အစရှိသော မဖြစ်မနေထည့်သွင်းထားတဲ့ အခမ်းနားလောက်ပဲ မြင်ဖူးခဲ့တာကိုး။တကယ်တော့ ဒီဝန်းကျင်ကိုရောက်ရှိလာတဲ့ သူတွေမှာ မတူညီသော၊ တူညီလေသော ဘ၀တွေကိုယ်စီအသီးသီးပါ။အထက်တန်းလွှာတွေလဲ ပါတယ်။အစိုးရ ၀န်ထမ်းအကြီးအကဲတွေလဲပါတယ်။တိုင်းရင်းသားမိသားစုအစုံလဲတွေ့ခဲ့ရတယ်။ပီတိတောင်ဖြစ်ခဲ့ရသေး၏။ လက်ရှိ အမိမြန်မာပြည်ဟာ ကွဲသူတွေကွဲ ပြဲသူတွေပြဲ ဖြစ်နေပေမယ့် ထိုနေ့တွေ့ခဲ့ရတဲ့ မြင်ကွင်းအဖို့တော့ စိတ်ချမ်းသာလှပါတယ်။ နိုင်ငံရေးတော့မပါနဲ့အုံးပေါ့ဗျာ။ဒါက ကျနော်လဲ ခံယူချက်သပ်သပ်ရှိတာပါပဲ။
ရောက်ကတည်းက စတည်းချရတဲ့ တပ်ဦး ဘုန်းကြီးကျောင်းဟာ စစ်သည်မိသားစုတွေ နယ်ဝေးကလာရသူတွေ အဆင်ပြေအောင် အရင့်အရင် ဗိုလ်လောင်းတွေ၊ အရာရှိတွေက ဖန်တီးပေးခဲ့တယ်လို့သိရပါတယ်။အိတ်ကြီး အိတ်ငယ်အဖုံဖုံဖြင့် ဆရာဝန်မိသားစုဆိုသူတွေ၊ တူတောင်မောင်အတွက် မိသားစုကိုယ်စာလာတွေ့ကြတဲ့ ကျန်းမာရေးဖက်က အပိုကြီးတွေ၊ ကျောင်းဆရာမိသားစုတွေ၊စီးပွားကူးသန်း မြို့နယ် အရာရှိဘာညာဆိုပြီး ထိပ်သီးတွေလဲ ဘုန်းကြီးကျောင်းမှာပဲစုပြုံနေကြရသည်။ မကြီးမငယ် လူပိုလူလွတ်ဆိုသူကျနော်နဲ့ ကျနော့်အစ်ကို လင်မယားတော့ " တောသားမြို့ရောက် ၊ ကျီးကန်းတောင်းမှောက် "ပါပဲ။ယောကတက်လာတဲ့ တောသားတစ်စုဆိုပီး သူဦးငါရင် သူ့မိသားစုအကြောင်း ၊ငါ့မိသားစုအကြောင်း အလုအယက်ပြောသံတွေကြား နားထောင်ရင်း အိပ်မရတဲ့အဆုံး တပတ်စာကြော်လာခဲ့တဲ့ မုန့်ဆီကြော်၊ ပေါက်ပေါက်ဆုပ်တွေကို ငုံ့စားကာ နေခဲ့ရပါတယ် ။ တစ်ည.....ဆရာဝန်မလေးနှစ်ယောက်ရဲ့အဖေက ခေါင်းရင်း ကနေလေလည်ထည့်လိုက်တာ မနက်ပိုင်း ၂ချက်တီးကြီးဗျာ။အပြင်ထွက်ပြေးရတယ် ။အပြင်ရောက်တော့ မလေးရှား တရုတ်တန်းက ၀ယ်ခဲ့ ရူးဖိနပ်က လူခိုးခံလိုက်ရသည်။စီးစရာဖိနပ်ကမရှိနဲ့ ကျနော်အတော် စိတ်ပျက်ခဲ့ရသေးသည်။ရိုးတိုးရိပ်တိုက်နဲ့ ကျောင်အပြင်မှာ လှမ်းမြင်နေရတဲ့ သစ်ပင်တွေမရှိတော့တဲ့ တောင်တွေဖက်ကို ဆေးလိပ်တစ်လိပ်ထုတ်ဖွာ ဖုန်းထဲမှ လင်းလင်းရဲ့ " အိမ်မက်ထဲက စစ်သားကြီး သီချင်းကို ဗော်လူးအကုန်မြှင့်ကာ တူတော်မောင်အစား ၀င်ခံစားရင်း နားထောင်လို့ မေမြို့ရဲ့ အအေးဒဏ်ကြား အာရုံတွေ လွင့်ပျံ့လို့ နေလေတော့သည်။
ဆက်ပါဦးမည်။
( အမှားအယွင်းများရှိပါက ကျနော့် အားနည်းချက်များသာ...)
ကိုရင် ဒိပ္ပ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment