====================================
ယောဒေသဟာ အနောက်ဖက်မှာ ဆိုရင် မြန်မာပြည် အနောက်နံရံတံတိုင်းကြီးဖြစ်တဲ့ ချင်းရိုးမကြီး ကာဆီးထားသလို အရှေ့ဖက်ကနေလဲ ပုံတောင်ပုံညာလို့ ခေါ်တဲ့ ရိုးမကြီးတွေ ကာဆီးထားပြီး သဘာဝကပေးထားတဲ့ အရံအတားတွေကြားမှာ နှစ်ပေါင်းများစွာ မသိမသာနဲ့ ငြိမ်သက်စွာပဲ အေးငြိမ်းစွာရှိနေခဲ့ပါတယ်။မြောက်ယောဒေသလို့ သတ်မှတ်ကြတဲ့ ထီးလင်းဂန့်ဂေါနယ်ဟာ ထိစပ်လျက်ရှိတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု့တွေ ချင်းပြည်နယ်ရဲ့ အဓိကထွက်ပေါက် လမ်းမတွေရှိတာကြောင့် တောင်ယောဒေသလို့ သတ်မှတ်ရမယ့် ကျောက်ထု ဆော လောင်းရှည် ဒေသတွေထက် တပန်းသာပြီး လူအရင်းမြစ် စီးပွားရေး အခြေခံတွေ ပိုမိုတိုးတက်ပါတယ။်တောင်ယောဒေသဟာ တောင်ကမူလေးတွေထူထပ် ပိတ်ကျဉ်မြောင်းလွန်းလှပါတယ်။ ဒါကြောင့်လဲ ဆြာ ဘူးလက် ပြောတဲ့ ငံပြာရည် စက်ရုံ နှစ်ခုကို ပုံတောင် ၀န်းကျင်မှာပဲ အရိပ်ခိုကာ လှို့ဝှက်တည်ဆောက်ထားရပါတယ်။ဆောမြို့နယ်ဖက်က ငံပြာရည်စက်ရုံ အကိုးဆက်ကြောင့် ပြင်ပကမ္ဘာနဲ့ အဆက်သွယ်ဖြတ်ကာ အင်တာနက်လိုင်းဖွင့်မပေးပဲ ဒေသရဲ့ တိုးတက်မှု့ ထိန်းခူပ်ခြင်းခံထားရပါတယ်။
ယော ဒေသမှာတော့ မြန်မာပြည်ရဲ့
အကြမ်းတမ်းဆုံးတစ်လမ်းသွား တစ်ခါသုံး လမ်းကျဉ်းလေးတွေ ( တစ်နှစ်မပြည့်ခင်
နွားရိုင်းသတ်ကွင်းက လမ်းတွေ ပမာ ) အပေါက်တွေ ဗလပွနဲ့ အကွေ့အကောက်များလှတဲ့
ဆက်သွယ်ရေးလမ်းတွေအခြေခံလို့ ခေတ်အဆက်ဆက် နောက်ကျကျန်ရစ်ခဲ့တဲ့
စီးပွားရေးလှုမှု့ရေးတွေကြားမှာ အတွေးအခေါ်တွေ ကိုယ်ကျင့်တရားတွေ
နိမ့်ပါးခဲ့ရသလို အသက်ရှင်ရပ်တည်ဖို့ ရိုးရိုးသား သမရိုးကျလုပ်ကိုင်
စားသောက်ခဲ့ကြရာကနေ နိုးနိုးကြားကြားမရှိလှသေးပဲ အများသူငှာတွေအပါဝင်
ကျနော့် မိသားစုဝင်တွေပါ ခုထိ အိုးအိုးအာအာပဲ ရှိနေလျက်ပါ။
ကျနော်တို့တွေမှာ ရွေးချယ်စရာမရှိပါဘူး။ တိုးပွားလာတဲ့ လူဦးရေနဲ့အတူ
ရှိရင်းစွဲ မိဘတွေရဲ့ လက်ငုတ်တောင်ယာ လုပ်ငန်းဟာလဲ ဘယ်လိုမှ
အဝေမတည့်တော့ပါဘူး။ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုမည်ဆိုလဲ လက်တဆုပ်သော
ကြေးရေတတ်တွေသာ အခက်ခဲ အသက်မွေးဝမ်းကျောင်းအတွက်
ကျော်လွှားနိုင်တာပါ။ရာခိုင်းနှုန်းအများစုကတော့ မူလတန်းရှိတဲ့ ရွာက
ကလေးငယ်တွေဟာ မူလတန်းပညာနဲ့ ဆုံးခန်းတိုင်းရသလို အလယ်တန်း၊အထက်တန်းရှိတဲ့
ရွာလေးတွေ နယ်မြို့နားလေးတွေကလဲ နီးစပ်ရာ အတန်းတွေ ကုန်ဆုံးပီးရင် နောက်ထပ်
လှမ်းဖို့ အခွင့်မသာပါဘူး။ ဒီလို့နဲ့ ဂျာအေးသူ့အမေရိုက်လာခဲ့တာ ခုဆို
တဖြည်ဖြည်းချင်း ပေါက်ကွဲ လွင့်စင်လာတဲ့ ယောဒေသရှိလူငယ်တွေဟာ တခြားသော
မြန်မာပြည်မကြီးက လူထုအများစုလို့ ရေကြည်ရာမြက်နုရှာရင်း နိုင်ငံအနှံ့တင်မက
ကမ္ဘာအနှံ့ပါ ရောက်ရှိနေကြပီဖြစ်ပါတယ်။
ကျနော်တို့ ရဲ့နုငယ်ပိုမြစ်တဲ့ အရွယ်အပိုင်းခြားတွေဟာ ကိုယ့်ပြည်တွင်းမှာပဲ သူလိုငါလို ကြော့ကြော့မော့မော့လေးနဲ့ မပင်မပန်းတည်တည်ငြိမ်ငြိမ် ကိုယ့်ဇာတိရပ်ရွာတွေနဲ့ မခွဲမကွာ ရှိနေလိုကြပေမယ့် လက်တွေ့မှာတော့ အများစုသောလူငယ်တွေနဲ့ သက်လတ်ပိုင်းတွေဟာ နှစ်အကန့်သန့်မရှိပဲ တ၀ဲလည်လည်နဲ့ပေါ့။ ရည်မှန်းချက်လေးတွေ ကိုယ်စီထားကာ တိုင်းတစ်ပါးရဲ့ အောက်ခြေသိမ်းအလုပ်တွေ ကုန်ထုတ်မှု့လည်ပတ်ရေးစနစ်အောက်က သာမန် ၀န်ထမ်းလေးတွေ အဖြစ် ဘင်္ဂလား ၊နီပေါ အစရှိတဲ့ သူတွေနဲ့တန်းတူ ဈေးပေါတဲ့ အလုပ်ကြမ်းသမားဘ၀တွေကို ခံယူနေကြရပါပီ။ ဒီလိုထွက်အလုပ်လုပ်ဖြစ်တဲ့ သူတွေနဲ့ ဆန့်ကျင်ဖက် ခံယူချက်လေးတွေနဲ့ မရုန်းသာ မလွန့်သာတဲ့ ချက်မြှပ်ဇာတိလေးတွေမှာပဲ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ကြတဲ့ သူတွေလဲ အများသားရှိနေပါသေးတယ်။သူတို့တွေကော ကျနော်တို့မှာပါ အဖိုးအဖွားတွေ သွင်သင်ပြတဲ့ ရိုးရာနတ်တွေနဲ့ ပတ်သက်လို့ အလေးမူရမဲ့ အချက်တွေကို သင်ပြကြသလို ရောက်လေအရပ် နယ်တော့အရှင်ကို မမေ့ဖို့ အထပ်ထပ်မှာကြားလေ့ရှိပါတယ်။ သူတို့ကိုယ်တိုင်လဲ မိသားစုဝင်တွေ ခရီးထွက်ရင် ဖတ်ဖတ်မောနေအောင် ဟိုပြေးဒီလွှားနဲ့ လဖက်ကွမ်းယာတင်ပြီး တတွတ်တွတ်ရွတ်ဆို ပူဇော်ဆက်သကြတယ်။ ကျနော့်အနေနဲ့ကတော့ မိဘဘိုးဘွားတွေ ယုံကြည်လက်ခံတဲ့ မိရိုးဖလာ ယုံကြည်မှု့ကြောင့် အားတက်သရော ယုံကြည်မှု့ မပြင်းထန်သလို ဥပက္ခာလဲ မပြုပါဘူး။
ယောဒေသက ဒေသခံတွေဟာ ပြည်မဖက်ကို ခရီးထွက်ကြပြီဟေ့ ဆိုရင်မဖြစ်မနေပဲ ရပ်ရွာလေးတွေမှာရှိတတ်တဲ့ နတ်စင် သေးသေးလေးတွေက အစပြုပြီး အုပ်စုကိုယ်စားပြု နန်းခွဲတွေ ၊ခရီးလမ်းတစ်လျှောက်မှာ တွေ့တဲ့ နန်နန်းတွေပြင် ၊နောက်ဆုံး ပုံတောင်ထိပ်ကော ၊ပုံညာတောင်ထိပ်မှာပါ သပ်ရပ်သန့်ရှင်းစွာ တည်ဆောက်ထားတဲ့ အမေယဉ်နတ်နန်းထံမှာ အရိုအသေပြုကြပါတယ်။။အစဉ်အဆက်က ထိန်းသိမ်းလာတဲ့ ယောသူယောသားတွေရဲ့သစ္စာတရားတွေကြောင့် ပြည်မဖက်က ဆိုးသွမ်းလှတဲ့ မြွေပွေးတွေရဲ့ ရန်ကို ပုံတောင် ပုံညာတောင်တန်းကိုအပိုင်စား စောင့်ရှောက်ခဲ့တဲ့ အမေယဉ်နတ်ဟာ ခုနောက်ပိုင်းကျန်ခဲ့တဲ့ ၈နှစ်ဝန်းကျင်ကစပြီး ဖောက်ပြန်လာတဲ့ နယ်ခံတစ်ဘို့တည်း ထဲသမားတွေ ၊ ဆင်းရဲမွဲတေခြင်းကြောင့် ပျက်ပြားလာကြတဲ့ ကိုယ်ကျင့်တရားတွေ၊ပြင်ပ၀ိသမလောဘသားတွေရဲ့ အမေယဉ်အပေါ်မထေမဲ့မြင်ပြုမှု့နဲ့အတူ (ပုံတောင်ထိပ်မှာ စစ်သားလူထွက်နေတဲ့ တဲနဲ့ ဘီယာဆိုင်ကြီး ရှိတယ်ဗျ) အမေယဉ်ရဲ့ ဥပက္ခာပြုခြင်းခံ ရတာကြောင့် မြွေပွေးတွေဟာ ယောနယ်မှာလဲ အတော်ပဲ ကြီးစိုးနေရာ ယူကြပါပြီ ဆိုပြီး လူကြီးသူမတွေ ပြောပြလို့ မှတ်သားရပါတယ်။
ခုတော့ တစ်ချိန်က စိမ်းစိမ်းစိုစိုနဲ့ အုံ့ဆိုင်း လှပလွန်းလှတဲ့ ဒီပုံတောင် ပုံညာတောင်တန်းကြီးတွေဟာ ရွှေ့ပြောင်းတောင်ယာစနစ်နဲ့ အစိုးရရဲ့ စူးရောက်ဥာဏ်တော် ကျွန်းစိုက်ခင်းတွေ၊ တောမီးရှို့ သစ်ထုတ်မှု့တွေကြောင့် အလှအပတွေ ယုတ်လျော့လာခဲ့ သလို အမေယဉ်ပိုင်နက်တွေလဲ တစစီဆုံးရှုံး ပီးရင်းဆုံးရှုံး နေရပြီလေ။အမေယဉ်ကတော့ ဒီယောဒီတောင် ဒီအမောင်တွေ မင်းကောင်းပေါ်ပီး ပြည်ကြီးတိုးတက်ကာမှ ဒင်းတို့ကော အမေ့နန်းပါ ပြောင်ပြောင်ရောင်ရောင် ရှိနေမလားဆိုပြီး ညည်းနေမလားပါပဲ။
ကိုရင် ဒိပ္ပ(ယော)
(နတ်နန်းအကြောင်းတွေနဲ့ ပတ်သက်လို့ ဘိုးဘွား အဆက်ဆက်က ယုံကြည် လက်ခံခဲ့တဲ့ ဓလေ့တစ်ခုမို့ မိမိတို့ နှောင်းလူတွေအနေနဲ့ မိဘတွေရဲ့ သွင်သင်ဆုံးမမှု့ကို မငြင်းပယ်နိုင်ပါဘူး။ သေးငယ်လှတဲ့ တွေးခေါ်မှု့နဲ့ကျနော့် တဦးတည်းသော အာဘော်မို့အရေးအသား မပြည့်စုံတာတွေက ကျနော့် အားနည်းချက်ပါ ခင်ဗျာ။ဒီတစ်ချက်မှာတော့ ဒီပို့စ်ကို ဖတ်မိကြတဲ့ သူတွေအတွက် မေးခွန်းလေးတွေရှိမှာပါပဲ။ လွတ်လပ်စွာပဲ ဆွေးနွေးနိုင်ပါတယ်ခင်ဗျ။ နောက်များမှ အကျယ်တင်ပြပါရစေ)
photo= Alice Zar

မှ ပေးပို့ထားပါသည်..
No comments:
Post a Comment