Wednesday, October 15, 2014
ခေါင်းလောင်းလေးရဲ့ ငိုရှိုက်သံ
======================
မတွေ့တာကြာပြီဖြစ်တဲ့ အလယ်တန်း အတန်းပိုင် ဆရာမ တစ်ယာက်နဲ့ လိုင်းပေါ်မှာ စကားပြောဖြစ်တယ်။ သာကြောင်းမာကြောင့်မေးပြီး ကျနော်က ဆရာမရဲ့ စာသင်ခန်းအကြောင်းလေး မေးဖြစ်တယ်။ကိုယ်နေခဲ့တဲ့ ကျောင်းဆိုတော့လဲ လွမ်းမိတာပေါ့ဗျာ။ ဆရာမက တစ်ခွန်းပဲ ပြောသွားပါတယ်။ မင်းတို့ခေတ်တွေကလို အခု ကျောင်းသားတွေ ကျောင်းစာကို လေ့လာလိုက်စားမှုမှာ ထက်သန်မှုတွေ မရှိဘူးတဲ့။ ကျောင်းစာကို အားနည်းလာတယ်လို့ ပြောသွားတယ်။ မလေးရှားကနေ ပြန်သွားတဲ့ အစ်ကိုတစ်ယောက်လဲ ညည်းဖူးတယ်။ ညီလေးရေ ခေတ်တွေ ပြောင်းကုန်ပြီ။ ညနေစောင်းရင် လမ်းလျှောက်တဲ့ခေတ် မဟုတ်တော့ဘူး။ ညနေစောင်းရင် ဆိုင်ကယ်တစ်စီးနဲ့ ရွာပါတ် ထန်းရေသောက်တဲ့ ခေတ်ရောက်နေပြီတဲ့။ ကျနော် အံ့သြသွားတယ်။ သူတို့ပြောတဲ့ စကားနှစ်ခုကို ကျနော့် ဘာသာ အဓိပ္ပာယ် ဖွင့်ကြည့်လိုက်တယ်။ ခေတ်တွေ ပြောင်းသွားတဲ့ အကြောင်းပေါ့။
ကျနော်ကြီးပြင်းလာခဲ့တဲ့ ရွာလေးက ကျနော်ရွာက ထွက်မလာခင်အချိန်ထိ ခေတ်နောက်ကျနေတဲ့ ရွာလေးပါ။ ယောနယ်ဆိုတာကလဲ မဖွံ့ဖြိုးတဲ့ဒေသဆိုတော့လေ။ ကျနော်တို့ လူငယ်တွေမှာ အိမ်မက်ကိုယ်စီ ရှိခဲ့ကြတယ်။ မြို့တက်ပြီး အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ရမယ်လို့။ ခက်တာက စီးပွားရေး တက်လုပ်မှာလား?? ရွာမှာတောင် စားဖို့သောက်ဖို့က အနိုင်နိုင်လေ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အတတ်ပညာရှင် အနေနဲ့လား???? အတတ်ပညာအနေနဲ့ကလည်း လက်သမား၊ ပန်းရံပညာ၊ သစ်ခုတ်၊ ဝါးခုတ်တာလောက်ပဲ ကျွမ်းတာဆိုတော့ အဟဲ မဖြစ်နိုင်ဘူးလေ။ထွက်ပေါက်က တစ်ခုပဲရှိတယ်။ ဘာလဲဆိုတော့ ပညာရေးပဲ။ ယောသား/သူတစ်ယောက်က ယောနယ်မှာမွေးလာပြီး သမရိုးကျ တောင်သူလုပ် ယောနယ်သား/သူအချင်းချင်းပဲ အိမ်ထောင်ကျ ယောနယ်မှာပဲသေ ဆိုရုံလောက်နဲ့တော့ မတင်းတိမ်ကြဘူးဗျ။
လူဆိုတာက အမြင့်ပျံချင်ကြတဲ့ လူတွေ ချည်းပဲ။ ဒီတော့ အမြင့်ပျံဖို့က ပညာရေးက ခွန်အားတစ်ခု ဖြစ်လာကြတယ်။ မိဘတွေကလဲ အားပေးတယ်။ ကျောင်းသား/သူတွေကလဲ ကြိုးစားကြတယ်။ ပညာရေးမှာလည်း အပြိုင်အဆိုင် ဖြစ်လာတယ်။ အပြိုင်အဆိုင်ဆိုလို့ တစ်မျိုးမတွေးလိုက်နဲ့ဗျ။ ဟိုဘက်အိမ်က ကျောင်းသား စာကျက်နေတုန်း ကိုယ့်သားလေးက အိပ်ချင်နေရင် ပေးမအိပ်ဘူး။ စာကျက်ခုံမှာပဲ စောင့်ပြီး ကျက်ခိုင်းနေတာ။ အဲလို ပြိုင်ကြတာ။ အလုပ်တွေ ကျနေရင်တောင် တောကို ထမင်းပို့ရုံလေး ပို့ခိုင်းရတာတောင် မိဘတွေ မျက်နှာက သိပ်ကောင်းချင်တာ မဟုတ်ဘူး။ ဖယောင်းတိုင်မလောက်လို့ ပိုက်ဆံမရှိရင်တောင် ကျန်တဲ့သူတွေက မီးမှောင်မှောင်နဲ့ ထမင်းစားပြီး ကျောင်းသားကို ဖရောင်းတိုင်လောက်အောင် လုပ်ပေးခဲ့တဲ့ မိဘတွေဗျ။ ကျောင်းသားဖက်က ကြည့်ရရင်လဲ ကျောင်းထဲမှာ ဆော့လို့ ရိုက်ခံရရင် ဘယ်သူမှ ဝမ်းမနည်းကြဘူး။ ဒါပေမယ့် အတန်းထဲမှာ စာမရလို့ အရိုက်ခံရရင်တော့ မျက်နှာတွေက မကောင်းဘူးဗျ။ ကျနော်ကိုယ်တိုင်ပါပဲ။ ကျနော်က ခပ်ညံ့ညံ့ကောင်ပါပဲ။ ဒါပေမယ့် ကိုယ်စာမရလို့ ခုံပေါ်တက် မတ်တပ်ရပ်လိုက်ရရင် စိတ်ထဲမှာ ခံပြင်းလာတယ်။ ကိုယ့်ကို ညံ့ရန်ကောဆိုတဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်နေရတဲ့ သူငယ်ချင်းတွေရဲ့ မျက်လုံးဒဏ်ကို ဆရာရဲ့ ကြိမ်လုံးထက် ပိုနာခဲ့တာပါ။ အဲတော့ စာကိုပဲ မဲခဲ့ရတာပေါ့။ ပြီးတော့ အိမ်ပြန်ရောက်ရင်လဲ ထပ်အရိုက်ခံရဦးမယ်လေ။ ဆရာရိုက်တာက နှစ်ချက် အိမ်ပြန်ရောက် အဖေက ၄ချက်ထပ်ရိုက်မယ်။ ဒီတော့ ဒီရေ ဒီလေနဲ့ ဆိုတော့ ဘယ်လိုလုပ်ပြီး ပညာရေးမှာ ရှေ့မရောက်ပဲ နေမှာလဲ။
ကြုံလို့ပဲ ထည့်ပြောဦးမယ်ဗျ လမ်းပန်းဆက်သွယ်ရေးကောင်းပုံ။ ကျနော်တို့ရွာက ဂန့်ဂေါနဲ့ ၁၅မိုင်ဝေးတယ်။ ၁၂လပိုင်းလောက်ကနေ ၃လပိုင်းလောက်အထိ ကားသွားလို့ရတယ်။ မိုးကျရင် မရတော့ဘူး။ ၆လပိုင်း ၇ လပိုင်းလောက်ကနေ ၈လပိုင်းလောက်အထိ လှေနဲ့ သွားလို့ရတယ်။ ၃လပိုင်းကနေ ၆ လပိုင်းကြား၊ ၈ လပိုင်းကနေ ၁၂လပိုင်းကြားဆိုရင်တော့လား သွားချင်ရင် တစ်ခုပဲ ရှိတယ်။ ကိုယ့်ခြေထောက် ကိုယ်အားကိုး မြစ်နှစ်တန်ရေကူးပြီး ခြေလျင်လျှောက်ရုံကလွဲပြီး ကျန်တာ ရွေးချယ်စရာ မရှိဘူး။ စာမေးပွဲတွေ နီးကပ်လာတဲ့ ၁၂လပိုင်းလောက်မှာ ကားမရှိပါဘူး။ စာမေးပွဲတွေ နီးကပ်လာပြီဆိုတော့ စာမေးပွဲအထောက်အကူပြု စာအုပ်တွေ လိုချင်လာတယ်။ ဂန့်ဂေါမှာပဲ စာအုပ်က ဝယ်လို့ရတယ်လေ။ ဒီတော့ မိဘတွေ ခမျာ ၁၅မိုင်ခရီးကို နေ့ချင်းပြန်သွားသူကသွား၊ မနက်ချင်းပြန် သွားသူကသွားနဲ့ သွားပြီး ဝယ်ပေးကြတယ်ဗျ။ မိဘတွေ မအားလွန်းလို့ ကျောင်းသားတွေကိုယ်တိုင် သွားကြရတာလဲ ရှိတယ်ဗျ။ အဲလို မိဘတွေက ကြိုးစားပြလေလေ သားသမီးကလဲ ပိုကြိုးစားလေဆိုတော့ အောင်မြင်မှုက လက်တစ်ကမ်းပေါ့ဗျာ။ နှိုင်းစရာ စကားပုံ တစ်ခုရှိတယ်။ နည်းနည်းတော့ ရိုင်းတယ်ဗျ။ '' ချောင်ပိတ်ရိုက်တဲ့ခွေးက ပိုကြောက်စရာကောင်းတယ် "တဲ့။ တကယ်တော့ ကျနော်တို့ခေတ်က လူငယ်တွေဟာ ဒီစကားပုံလိုပဲ။ ပညာရေးက လွဲရင် ကျန်တာ အားကိုးရာ မရှိတဲ့ ချောင်တစ်ချောင်မှာ ကြီးပြင်းလာခဲ့ရတဲ့ သူတွေဆိုတော့ ဒီတစ်ပေါက်ကနေပဲ ရအောင် ရုန်းထွက်ကြတယ်။ အဲအကျိုးဆက်ကြောင့် ကျနော်တို့ရွာမှာ တစ်အိမ်တစ်ယောက်နီးပါး ဘွဲ့ရပါလို့ ပြောရင် ကြွားရာကျမလား။ တစ်ချို့အိမ်တွေဆို သားသမီး လေးယောက်ရှိရင် လေးယောက်လုံး ဘွဲ့ရပြီးသား။ ကြွားတယ်လို့ ထင်ရင် ထင်ပေါ့ဗျာ။
လမ်းကြုံတွေ ထည့်ပြောရင်း လိုရင်းမရောက်တော့ဘူး။ လိုရင်းသွားကြမယ်။ အခုနောက်ပိုင်း ယောနယ်က လူငယ်တွေ အပြင်ရောက်ကုန်ကြပြီ။ အစိုးရဝန်ထမ်း၊ ပြည်ပထွက်ပေါ့။ မိဘတွေ၊မောင်ငယ်တွေကို ပြန်ထောက်ပံ့ကြပြီ။ မိသားစုက အနည်းနဲ့ အများချောင်လည်လာတယ်။ ဆိုင်ကယ်တွေကလည်း မှိုလိုပေါက်လာတယ်။ အပြင်ကို ရောက်သွားကြတဲ့ လူငယ်တွေက ကိုယ်တွေတုန်းကလို မခံစားစေချင်လို့ ညီငယ်တွေကို လိုတရ ဖြစ်စေတယ်။ မိဘတွေကလည်း အကြီးတွေလို မခံစားစေချင်လို့ အငယ်တွေကို သက်တောင့်သက်သာထားတယ်။ လူဆိုတာက ကျပ်တည်းမှု ရှိမှ ရုန်းကန်အားက ပိုထက်တယ်ဗျ။ သက်တောင့်သက်သာဘဝမှာ ကြိုးစားရုန်းကန်မှုနည်းတယ်။ ကျနော်တို့ ညီငယ်တွေက သက်တောင့်သက်သာဘဝမှာ ကြီးပြင်းလာကြတယ်။ ကျနော့်တိုခေတ် လူငယ်တွေရဲ့ ဘဝနဲ့ ခုလက်ရှိဘဝက ကွားခြားနေတယ်။ အကျိုးဆက်က သူတို့တွေဟာ ပညာရေးမှာ ကျနော်တို့ခေတ်ကလို ပြင်းထန်တဲ့ အာသီသတွေ မရှိတော့တာပါပဲ။ ပညာရေးထက် ဘေးကို အားသန်လာကြတယ်။ ဆယ်တန်းမအောင်မှာ သေမလောက်ကြောက်နေရမှာထက် ဆယ်တန်းမအောင်လဲ ဘာမှ မဖြစ်ဘူးဆိုတဲ့ အတွေးတွေပဲ စိုးမိုးသွားပါပြီ။ စာသင်ခန်းဆိုတာ ဘဝရဲ့ လှေကားထစ်ဆိုတာ အမှန်ကို မမြင်နိုင်ပဲ ဝတ်ကျေတန်းကျေတက်ရတဲ့ အရာတစ်ခုလို မြင်နေကြတာဟာ ယောနယ်ရဲ့ အနာဂါတ်အတွက် ကောင်းတဲ့ လက္ခဏာတစ်ခုတော့ ဖြစ်မယ် မထင်ပါဘူး။ ကျောင်းသားတွေ စာမှာ ပျော်ပိုက်မှု နည်းလာတဲ့ အတွက် ဆရာမတွေကလဲ သင်ကြားရေးမှာ စိတ်ပျက်အားလျော့မှုတွေ ဖြစ်လာတယ်။ ဒါဟာ ဆရာမတွေရဲ့ အမှားမဟုတ်ဘူး။ တစ်ချိန်က အလန်းဆန်းဆုံ ပန်းတွေကို ပန်းတွေကို မွေးထုတ်ပေးခဲ့တာ ဒီဆရာမတွေလေ။ အခုချိန်ထိလည်း သူတို့ ဒီအတိုင်းရှိနေတုန်းပဲ။ ဒါပေမယ့် အနှစ် ၃၀ ဝါရင့်ဆရာမ တစ်ယောက်ရဲ့ နှုတ်ဖျားကနေ အားလျော့နေတဲ့ စကားတစ်ခွန်းဟာကျနော့်ရဲ့ ရင်ကို ပြင်းပြင်းထန်ထန် နာကျင်စေပါတယ်။
ဒါတွေအားလုံးဟာ ဆရာမတွေရဲ့ အမှားမဟုတ်သလို ကလေးတွေရဲ့ အမှားမဟုတ်ဘူး။ ဒါဟာ ကျနော်တို့ လူကြီးမိဘတွေရဲ့ အမှားသာဖြစ်တယ်။ နုနယ်တဲ့ သူတို့နှလုံးသားကို ကျနော်တို့ လူကြီးတွေက အလိုလိုက်ခြင်းဆိုတဲ့ အရာနဲ့ ယဉ်ယဉ်လေး သတ်လိုက်ကြတာပဲ။ ဒါတွေကို ကျနော်တို့က အခုချိန်မှာ ပြန်လည် ပြင်ဆင်ရမယ်။ ကျနော်တို့ လူကြီး ဖြစ်နေသူတွေက အခုချိန်မှာ လူငယ်တွေကို ထိန်းသိမ်းရမဲ့အချိန်ရောက်နေပါပြီ။ ဒီအချိန်မှာ ထိန်းသိမ်းကြရင် အချိန်မှီပါသေးတယ်ဗျာ။ကျနော်တို့ မိဘမောင်နှမနဲ့ ဆရာ/မ တွေ စုပေါင်းပြီး လူငယ်တွေကို လမ်းမှန်ပြရအောင်လို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။ တစ်ချိန်က ကျောင်းတက်ခေါင်းလောင်းလေးရဲ့ အသံဟာ အင်မတန် ဝံ့ကြွားခဲ့ပါတယ်။ အခုချိန်မှာ စိတ်ပျက်အားလျော့မှုတွေနဲ့ ရှိုက်သံတွေကို ကြားနေရပါပြီ။ အောင်မြင်မှုတွေကို လမ်းပြပေးနေတဲ့ ခေါင်းလောင်းလေးကို ရှိုက်သံတွေ ပျောက်ပြီး တစ်ချိန်ကလို လန်းဆန်းတက်ကြွနေစေဖို့ အားလုံး ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ။
လေးစားစွာဖြင့်......
ယောစစ်အိမ်
နယ်တော့ သခင် ရှင်ဘုရင်ထံသို့ မကြားမိစေလို
=====================================
မနက်အိပ်ရာထတော့စိတ်ထဲမှာစိုးရိမ်စိတ်တစ်ခုဝင်လာတယ်။ အကြောင်းက ဒီလိုပါ။ကျွန်တော်က လူတစ်ယောက်ဖြစ်နေတော့ လောဘ၊ မာန၊ အတ္တတွေရှိနေတယ်။ဒီစိတ်တွေကြောင့်ပဲ ပိုပင်ပန်းတယ်ထင်ရဲ့။သူများနိုင်ငံသားတွေနဲ့ ကျွန်တော်တို့နိုင်ငံသားတချို့ ကောင်းစားကြတာမြင်တော့ ကျွန်တော်လည်း လောဘတွေ ဝင်လာတယ်။တောင်သူလုပ်ရတာလည်းဗျာ.... အခွန်သာကောက်ချင်တဲ့သူရှိတာ။ ကျွန်တော်တို့ရွာမြောက်ဘက်က လယ်ပွဲဆိုရင် ဟိုး....အရင်တစ်နှစ်ကို စပါးတင်း ၃၀၀၀ ကျော် ၄၀၀၀ လောက်ထွက်တယ်ဗျ။ ကိုယ့်ဘာသာကိုယ်ဆည်တည်၊ မြောင်းဖောက်ပြီး လယ်ထွန်ရတာမလွယ်ပါဘူးဗျာ။ တစ်နှစ် တစ်ကြိမ် ဒီလောက်ပန်ပင်းခံလုပ်ထားရတာကို ဘာလို့စပါးသွင်းရတယ်နားမလည်ဘူးဗျ။ စာဖတ်သူတို့ မကြုံ ရတဲ့ ယခင် ရှေးဘုရင်တွေ လက်ထက်က သုံးခဲ့တဲ့ မြေခွန၊်ယာခွန် ၊ဘာကြေး၊ ညာကြေးဆိုတာတွေပေါ သဗျ။တစ်ခါမှတ်မိသေးတယ်....ကျောက်ထုကိုစပါးသွားသွင်းရဖို့ လှည်းမောင်းဖို့ ခိုင်းမဲ့နွားတစ်ကောင်က ကျန်းမာရေးမကောင်းဖြစ်နေလို့
နောက်နေ့မှလာပါရစေလို့တောင်းပန်တာမရဘူးဗျ။ သတ်မှတ်ရက်အရောက်ပဲ လိုချင်တာဆိုလို့ နွားကျန်းမာရေးမကောင်းလည်း ၈မိုင်ကျော်ခရီး သွားရတာပဲ။
ရေလျှံတဲ့နှစ် စပါးမရလို့ ဘေးရွာကဝယ်ပြီး သွားသွင်းခဲ့ရဖူးတယ်။ စပါးပုံတွေ၊ ကောက်လှိုင်းပုံတွေ၊ တချို့မသိမ်းရသေးတဲ့စပါးခင်းတွေ ရေမြောနေတာမြင်ကြရတော့၊ငိုတဲ့သူငိုပေါ့ဗျာ။ ဒါကကျွန်တော်တို့ရဲ့ထမင်းအိုးလေ။သွေးတွေ၊ ချွေးတွေနဲ့ရင်းထားရတော့ ကျွန်တော်တို့လောက်ဘယ်သူခံစားတတ်မလဲ။ ၂၀၀၇ ခုနှစ်လည်းရောက်ရော ယောချောင်းကြီးရဲ့ နှစ် ၄၀ တစ်ကြိမ် ရေပြောင်းရေလွဲမှာ ရေတွေလျှံပြီး လယ်ပွဲကြီးကနေ
ကျောက်ပုံကြီးဖြစ်သွားတော့ ဘယ်သူတောင်းစားမှတောင် လာမကြည့်တော့ဘူး။ ကျွန်တော်တို့တစ်ရွာလုံး တော်တော်ခက်ခဲခဲ့ပါတယ်။ အခုထိလည်း ရုန်းကန်နေကြရဆဲ။ စားစရာဆန်မရှိတော့ ကျွန်တော့်အမေထမင်းချက်ခါနီးမှ တစ်နပ်ချက်စာသွားဝယ်ရတဲ့ဘဝ။ အဲဒီအချိန်က ကျွန်တော်က အစိုးရဝန်ထမ်းပါ။လစာကမလောက် ကျောင်းကတစ်ဘက်နဲ့ အိမ်ကပိုက်ဆံတောင်းသုံးရတာ စိတ်မလုံတော့ဘူး။ အစ်ကိုက တက္ကသိုလ်မှာမဟာတန်း(သိပ္ပံ)တက်နေတဲ့အချိန် မတတ်သာတဲ့အဆုံး ယာ၂ကွက်ကို ဗိုက်နာနာနဲ့ ရောင်းလိုက်ရပါရော။ ဒါကြောင့်ကျွန်တော်ရွာပြန်လာခဲ့တယ်။တောင်ယာလုပ်တယ်။ ရာသီဥတုကို ဘုရားတပီး အားကိုးလုပ်ရတာ တောင်သူတွေပဲ ပိုခံစား
တတ်တာပါ။ ရာသီဥတု မမှန်တော့ မြစ်ကြီးနားမှာအလုပ်လုပ်တယ်။ ပြင်ဦးလွင်က အဖေ့သူငယ်ချင်းကအလုပ်ရမယ်ပြောလို့သွားတယ်။ မရခဲ့ဘူး။အကြံကုန်တော့ ရွာဘေးက သစ်ဝါးတောကိုအားကိုးရတော့တယ်။ ဝယ်တာလည်းဝယ်နဲ့ ၀င်ငွေရဖို့အတွက် ကြံဖန်ရတော့တာပေါ့။
တစ်ခုဗျ....။ရွာတကာ့ ရွာတွေမှာ ခြေလျင်လျှောက်နေတဲ့အချိန် ကျနော့် ရွာလေးမှာ ဆိုင်ကယ်စီးနိုင်တဲ့သူ တစ်ဦးနှစ်ဦးရှိတယ်ဗျ။
လမ်းမှာတွေ့ရင် ဘာညာမကောင်းလို့ပါကွာနဲ့ တင်မခေါ်နိုင်လို့ အားနာတဲ့မျက်နှာမျိုးတွေနဲ့။ကျွန်တော်လည်းမွေးကတည်းက ခြေလျင်လျှောက်တဲ့ ယောသားပါ။ ရတဲ့သစ်
ဝါးရေကြောက်တတ်တဲ့ကျွန်တော် ဖောင်ဖွဲ့မျှောပြီး ပခုက္ကူဘက်သွားရောင်းရတယ်။ပိတ်ဆံမရှိဘူးပြောလို့ နွားနဲ့လဲတာပေါ့။ ယောရောက်တော့ နွားနဲ့ဝက် ပြန်လဲပီး ဝက်ကိုသတ်ပြီး အသားထုတ်ရောင်းကာ ငွေဖြစ်အောင်လုပ်ဖန်တီးတာပေါ့။ ဖန်တီးဆိုတဲ့ နေရာမှာ ရှည်လို့မပြောချင်ဘူး။ မလွယ်ပါဘူး။ရွာထုံးစံ အကြွေးနဲ့မိတာနဲ့ ဘာနဲ့ ညာနဲ့ ဆိုတော့ ၀က်သား သတ်ရောင်းဖူးတဲ့ နောင်တော်ကြိးတွေ အသိဆုံးနေမှာ။ ဒါနဲ့ ဒီလိုလုပ်ရင်း ဆိုင်ကယ်လေးတစ်စီးဝယ်နိုင်ခဲ့ပါရဲ့။ ဒီလို လုပ်ငွေရှာရတာ ဘယ်လွယ်မလဲဗျာ။လူရုပ်တောင် မပေါက် ချင်တော့ဘူး။ပင်ပန်းတဲ့ဒဏ်မခံနိုင်တဲ့အဆုံးသက်သာမလားလို့ အဖေစုထားတဲ့ငွေလေးနဲ့ နွားတစ်ကောင်ရောင်းရငွေလေးပေါင်းမလေးရှားထွက်လာခဲ့တာ။ ဘယ်လောက်ဒုက္ခခံရတယ်ဆိုတာ ဒီမလေးရှားဘက်ေ၇ာက်ဖူးပီးသား ရောက်နေတဲ့လူတွေအကုန်သိပြီးသားပါ။ တစ်ချို့အသက်တောင်စတေးပေးခဲ့ကြရပါပီးပြီ။ြုမန်မာတစ်ယောက်ဆိုပြီး ဘယ်လိုပဲ အထင်သေးနှိမ့်ချမတရားခိုင်းစေကြပါစေ ရသမျှငွေကျစ်ကျစ်ပါအောင်စုခဲ့တယ်။ အလုပ်ထဲစီးဖို့အတွက်သူတပါးမသုံးချင်တော့တဲ့ဖိနပ်တောင် အဟောင်းဈေးနဲ့ဝယ်စီးခဲ့တာကျွန်တော်ပါဗျ။
အစ်ကိုကကျောင်းပြီးသွားလို့ဘော်ဒါဆရာအဖြစ်သူ့ကြိုးစားမှုနဲ့ဘော်ဒါဆောင်တိုင်းခေါ်ချင်ကြပေမဲ့လစာထုတ်တဲ့နေ့အကြွေးတောင်းသမားတွေက အစ်ကိုကျောင်းမှာလာစောင့်တဲ့သူရှိသေးတယ်။ အစ်ကိုပြောပြလို့သိရတာ လက်ပန်းကတစ်ယောက်၊ပဆုပ်ကတစ်ယောက်တဲ့။ ကျွန်တော်တို့ထက် ဒုက္ခရောက်တဲ့သူတွေ ဒုနဲ့ဒေးပါ။ အဲဒီအချိန်က ယောက်ျားကြိးတန်မဲ့ ကိုယ့်အဖြစ်တွေကြောင့် ငိုချင်မိခဲ့တယ်။ ဘာပဲပြောပြော ကျွန်တော်တို့မိသားစုတွေ အခုအချိန်တော့ပြန်လည်နိုးထနိုင်ပါပြီ။ အစ်ကိုကလည်း ကိုယ်ပိုင်ဘော်ဒါဆောင်လေးဖွင့်နိုင်ခဲ့သလို လယ်မရှိတဲ့အတွက် ရေတင်စပါးစိုက်နိုင်ဖို့ရေစုတ်စက်တစ်လုံးဝယ်ထားရသေးတယ်။ကိုယ့်မာနနဲ့ကိုယ်မို့လို့ အိမ်မှာ ဆန်စက်တစ်လုံး၊ ရွာဦးကျောင်းဆရာတော်ဦးဆောင်ကောင်းမှုကြောင့် ကိုယ့်ငွေကိုယ့်လုပ်အားနဲ့ ရွာပိုင်ရေအားလျှပ်စစ်မီးက ထိန်ထိန်ညီးနေတော့ သူ့ခေတ်နဲ့သူ့အခါအတွက်ဗွီဒီယို အပေါ်စက်၊ အောက်စက်နဲ့ပေါ့ဗျာ။ ညီအစ်ကို မောင်နှမက၅ယောက် လူပျိုပေါက်တူတစ်ယောက်ပါ ရှိနေပြန်တော့ လူကြားထဲသွားရင် မျက်နှာမငယ်ရအောင် ဆိုင်ကယ်၎စီးကဝယ်ထားလိုက်သေးတယ်။ ပြည်ပထွက်လာခဲ့တဲ့ အကြွေးကအခုထိမကျေသေးဘူးနော်။ အဖေကနဲနဲပဲကျန်တော့တာပါ ပြောတာပဲ။
ဒီလိုပေါ့လေ ..........ကျွန်တော်ဟာ လောဘတွေ၊ မာနတွေ၊ အတ္တတွေကြားမှာ အရမ်းပင်ပန်းလွန်းပါတယ်။ ကျွန်တော်တို့ တစ်တွေပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ခဲ့ရတဲ့အရာတွေကို ကြွားဝါလိုခြင်း မရှိပေမဲ့လည်း တစ်ခါတစ်လေကြတော့ ......သြော်.... ဒီလိုလေးတွေဟာ ငါတို့ကြိုးစားခဲ့ရတဲ့ အသီးအပွင့်ပါလားလို့တော့ ကြည့်ပြီး စိတ်ဖြေ အပန်းဖြေ ချင်ပါသေးရဲ့။ ဒါပေမယ့် ကျနော် စိုးရိမ်မိတယ်။ တကယ်လို့ " နယ်တော့်သခင် ကိုယ်တော်ရှင် " ( ဦးလှဆွေ ) သာ ရွာရောက်လာပြီး
တကယ့်လက်တွေ့ပြည်သူတွေဘဝကိုနားမလည်ပဲ ဓာတ်ပုံတွေရိုက် ဒါတွေဟာ အစိုးရကြောင့် တိုးတက်လာခဲ့တာပါဆိုပီး ဖောဖော သောသော သူ့ထုံးစံတိုင်း စတေးတပ်တွေတင် လေညှင်းခံပီး ဖွနေရင်တော့ ကျွန်တော်တို့လို ပြည်ပရောက် ဖက်ခွက်စား ပြည့်ရင်သွေးတွေဟာ ရှေ့ဆက် ပြည်ပတွေမှာ ကျွန်ဆက်ခံ အလုပ်လုပ်ဖို့ ခွန်အားတွေ ရှိပါဦးမလားဗျာ။
Credit ; ပုံတောင် ပွကြီး
Sunday, October 5, 2014
သေမင်းတမန် မြွေပွေး (ယောဒေသမှ အန္တရာယ်ခြေနင်းမိုင်းများ )
လွန်ခဲ့သော၁၀နှစ်ခန့်ကထင်ပါသည်။ ကျွန်တော်လူပျိုပေါက် ၁၅/၁၆ နှစ်အရွယ်ခန့်က ယောချောင်းနံဘေး ဝါးဖောင်ဖွဲ့နေသော လူပျိုကြီးကိုဥာဏ်သာတစ်ယောက် မြွေကိုက်ခံရ၍ ငိုသည်တဲ့။ ကျွန်တော်တို့ သူ့မျက်နှာကိုကြည့်ပြီး ဟားတိုက်ရီခဲ့ကြဖူးပါတယ်။မြွေ။ ယောမှာ ကျွန်တော်တွေ့ဖူးသော မြွေများမှာ လင်းမြွေ၊ ရေမြွေ၊ မြက်လျှောမြွေ၊ ထန်းတက်မြွေ၊ မြွေယဉ်ကောင်၊ စပါးအုံးဆိုသော လူတွေ့လျှင် လှစ်နေအောင်ပြေးတတ်သော သတ္တဝါများ။ အဆိပ်မရှိ၊ ကိုက်ခံရလျှင် စစ်ခနဲ တစ်ချက်တော့ နာတတ်သည်။ ကျွန်တော်လည်း ကိုက်ခံခဲ့ရဖူးပါသည်။ မြွေဟောက်လည်းရှိသေးသည်။ အဆိပ်ရှိသည်။ လူမသေနိုင်၊ ခွေးတော့သေတာကြုံဖူးသည်။ လူကတော့ မတည့်လျှင်ရောင်တတ်သည်ဆို၏။ဤသို့ရေမြွေအကိုက်ခံရသော ကိုဥာဏ်သာ တစ်ယောက် ငိုနေသည်မှာ အလွန်ရီစရာပင်ဖြစ်ပါတော့သည်။
ဟိုးယခင် ယောသူယောသားတို့အဆိုအရ ယောမြွေများအဆိပ်မရှိခြင်းမှာ အမေယဉ်နတ်မယ်တော်ကြီးတန်ခိုးကြောင့်ဟုတချို့၊ လင်းမြွေရှိသောအရပ်၌ အဆိပ်ပြင်းမြွေမနေနိုင်ဟုတဖုံ၊ ကျွန်တော်ဖတ်မှတ်ဖူးသည်မတော့ အအေးပိုင်းဒေသမြွေများသည် အပူပိုင်းဒေသမြွေများလောက် အဆိပ်မပြင်းလို့ဖတ်မှတ်ခဲ့ဖူးပါတယ်။ကျန်ခဲ့တဲ့နှစ်များမတော့ သစ်တော၊ ဝါးတောကြီးများဖြင့်စိမ်းလန်းနေသော ကျွန်တော်တို့ယောဒေသပေါ့။
ကျွန်တော်တို့ရွာလေးဟာ တောင်သူလယ်သမားများသာဖြစ်ကြလို့ယောချောင်းကို ဆည်ပိတ်ကာ စပါးစိုက်ကြရတယ်။ ဆည်၂ခုအတွက် တစ်နှစ် သစ်၊ဝါး တန်၁၀၀ကျော်ကုန်မည်မှာမလွဲ။ ရာသီဥတုဖောက်ပြန်သဖြင့် သီးနှံမရဖြစ်ကြလျှင် သစ်ဝါးများပင်ခုတ်ရောင်းရပြန်ပါတယ်။လှလိုက်တဲ့တောတောင်ဟု ဘယ်သူမှထိုင်ကြည့်နေဖို့ ခွန်အားမရှိကြဘူးလေ။ဆင်းရဲနွမ်းပါးသူများဖြစ်ကြပြီး ဘယ်ဌာန ဘယ် NGO မှ ကူညီဖို့မလာကြ။ ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ်ဆိုသူများသာ ဝတ်စုံအမျိုးမျိုး၊ယူနီဖောင်း အမိုးမိုးနဲ့ အလျှိုလျှို။ သို့ကြောင့် `ဒေသ၀မ်းစာရေးအတွက် အိမ်သုံးအတွက်ကော စီးပွားရေးတဖက်ပါ သစ်ဝါးကိုအားကိုးရသည် ဖြစ်ရကား တဖြေးဖြေး သစ်ဝါးနည်းပါးလာပြီး တဖြေးဖြေး ပူနွေးလာသော ယောဒေသ ဖြစ်လာပေပြီ။
တစ်နေ့ကျွန်တော်ထင်းခုတ်ပြန်အလာ ရွာအဝင်ကမ်းပါးခြေရင်းမှာ မြွေ၊ မြင်လိုက်သည်နဲ့ ရေနံချောင်းမှာ ခေတ္တနေဖူးစဉ် ကျွန်တော်ခဏဏမြင်ဖူးသော မြွေပွေးထင်ရဲ့လို့ ဂရုတစိုက်နဲ့ နွားလှည်းပေါ်မှ ထင်းတစ်ချောင်းဆွဲ အသေသတ်ပြီး ကြိုးတစ်ချောင်းနဲ့နွားလှည်းမှာချည် ရွာထဲယူလာခဲ့သည်။ ရွာသားတစ်ချို့ခေါ်ပြရာ ဘယ်သူမှသေသေချာချာမသိ။ ပေါက်၊ ပခုက္ကူဒေသမှ ရွာမှာအိမ်ထောင်ကျနေသူများကို ခေါ်ပြမှ ဟုတ်တယ် မြွေပွေးဟုအတည်ဖြစ်သွားရသည်။
ဒါဆိုမြွေပွေးယောမှာရှိပြီ သတိဗျ၊ သတိဗျာ တစ်ယောက်နဲ့တစ်ယောက် သတိပေးနေရင်း။
အမှတ်မထင်ကြားလိုက်ရသည်မှာ ရွာချင်းကပ်လျက်က ရွာသားနှစ်ဦးမြွေပွေးကိုက်ခံရ၍ ဆုံးသွားသည်တဲ့။ ဘုရားရေ စိတ်ထဲ၌ မချိတော့။ ကျွန်တော်ငယ်ငယ်က မြွေကိုက်ခံရသူမျက်နှာကိုကြည့်၍ ရီခဲ့ရသောမျက်နှာ ပြုံးတောင်မပြုံးရဲတော့ပါ။ ဝမ်းနည်းကြေကွဲမှုတွေနဲ့ သူတို့မိသားစုများ ဘယ်လောက်ခံစားကြရမလဲ။ မျက်ရည်စက်လက်တွေနဲ့ပေါ့။
လူတောင်သေသည်အထိဖြစ်လာပြီဆိုလျှင် ကြီးမားသောအန္တရာယ်တစ်ခုကို တပ်လှန့်သတိပေးလိုက်ရပါတော့သည်။ရာသီဥတုပြောင်းလာသည်နှင့် မြွေပွေးယောဒေသမှာတွေ့သတဲ့၊ ဟိုရွာမှာတဲ့၊ ဒီရွာမှာတဲ့နဲ့ သတင်းများဟုတ်နိုးနိုးကြားနေရပြီ။ယခုလက်ရှိတင်ပြနေတဲ့ မြွေအန္တရယ်ဟာ ပုံတောင်တောင်တန်းကြီးရဲ့ ခြေရင်းကနေအစပြုပီး အနောက်ဖက်တခွင်ကို ရွေ့လျားလာနေတာ ဖြစ်ပါတယ်။ကျောက်ထုမြို့နယ်ခွဲ အတွင်းက လက်လှမ်းမှီသလောက် အတည်ပြုချက် ယူထားသမျှ အိမ်ခြေ ၅၀၀ကျော်ရှိ မန်းကျေးရွာတွင် ၃ဦး ၊သံပုရာကျေးရွာတွင် ၁ဦး၊လက်ပန်းကျေးရွာတွင် ၁ဦး နှင့် အသက်မသေပဲ ထိခိုက်ဒါဏ်ရာ ရသူတွေ စရင်းအတိအကျမရနိုင်ပဲ ပုံတောင်ဝန်းကျင် ကျေးရွာတွေမှာ ခဏခဏ ကြုံလာနေရပါပီ။အနောက်ဖက်တစ်ခွင်နဲ့ မြောင်ဖက်တစ်ခွင်ကို တစိမ့်စိမ့် ပျံ့နှံ့လာပါပြီ။ ထိခိုက်မိရင် ကုစရာမြွေဆိပ်ဖြေဆေးအဆင်သင့်မရှိပါ။ တိုက်နယ်ဆေးရုံ အနေနဲ့လဲ ဘာမှ အဆင်သင့်မဖြစ်သေးပါ။ကသောကမျောနဲ့ မိုင်၅၀ အကွာက ပေါက်၊ကမ္မ ဖက်က ဆေးရုံတွေကို ပြေးရပါတယ်။ ကံကောင်းထောက်မမှသာ အသက်မှီပါတယ်။ ဆေးတစ်လုံးရဲ့ ကုန်ကျစရိတ်က ၃ သိန်းနဲ့ အထက်ထိရှိနေတယ်လို့ သိထားရပါတယ်။ဒီတော့ အလွယ်တကူနဲ့ ကျေးရွာတိုင်း ဆောင်ထားနိုင်အောင် စီမံချက် တစ်ခုလိုလာပြီ။ တာဝန်ရှိတဲ့ အဖွဲစည်းတွေက တာဝန်သိသိနဲ့ လုပ်ပေးဖို့ ကာကွယ်ပေးဖို့ လိုလာပါပြီ။အရေးတယူမလုပ်ကြသေးရင်တော့ဒီထက်တောင်သူတွေအသက်တွေပေးဆပ်နေရအုံးမှာပါ။
မြွေပွေးရဲ့ အကောင်ပုံသဏ္ဍာန်မှာ အမြှီးနဲ့ခေါင်းလွဲချင်စရာ တိုတိုတုတ်တုတ်။ အမည်းနဲ့အဝါ အကွက်ကြီိးကြီးလှလှတွေနဲ့။ နေထိုင်ကျက်စားရာ မြေအရောင်ကိုလိုက်၍ အရောင်ကွဲခြားတတ်ကြသေးတယ်။ ရင်ပတ်မှာအမည်းစက်ကလေးများပါ၏။ ဤသည်ကား ကျွန်တော်တွေ့ဖူးသောမြွေပွေး။ အမျိုးအစားကွဲပြားနေကြသေးသည်ဟု ယူဆမိပါသည်။ ပြောင်ချောနေသော ခန္ဓာကိုယ်ကြောင့် ထိတို့ကိုင်စမ်းကြည့်ချင်စရာကောင်းလေဟန်။ သို့သော် ယင်ကောင် နားလျှင်တောင် အလွတ်မပေးတတ်သော သတ္တဝါဆိုသောကြောင့် သူတို့၏ ခွေကွေးနေသော ခန္ဓာကိုသာ တက်နင်းမိပြီဆိုပါလျှင် အသက်နဲ့ခန္ဓာ အိုးစားကွဲမည့် ခြေနင်းမိုင်းများပမာ။
သို့ဖြစ်လျှင် နေဝင်မိုးချုပ်အထိ နေပူမိုးရွာမရှောင် ချုံနွယ်ထူထပ်သော မြက်ပင်ပေါင်းပင်များကြား သီးနှံစပါးပင်များကြား အလုပ်လုပ်နေကြရသော ယောသူယောသား တောင်သူကြီးများ၏ အန္တရာယ်ကို မဖြစ်မှီ ဘယ်လိုကာကွယ်ကြမည်နည်း။ ဖြစ်ခဲ့လျှင် ကျွန်တော်တို့ ဘာဆက်လုပ်သင့်သည်တို့ကို အားလုံးသိထားနိုင်ကြရန် ဆက်လက်ဆွေးနွေးကြရအောင်ပါ။
Credit= သဇင်ချစ်သူ
ကိုရင် ဒိပ္ပ
ခေတ်အဆက်ဆက် အမေ့ခံယောဒေသနဲ့ စတေးခံ ဆင်စွယ်ရွာ
အရင်အပတ်ထဲက ယောနယ်ပေ့ခ်ျကိုတက်ပီး ဆင်စွယ်ရွာနဲ့ ပတ်သက်တဲ့ ကျောက်တိုင်နဲ့ ကမ္ဗည်းစာပါပုံကိုမြင်တွေ့လိုပီး မိတ်ဆွေများအား အကူညီတောင်း ရယူခဲ့ပါတယ်။ပုံလေးတွေ ပို့ပေးကြတဲ့ မိတ်ဆွေများကိုလဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။မိမိအနေဖြင့် အရင်က ဒီဆင်စွယ်ရွာကိစ္စကို သေချာမသိခဲ့ပါဘူး။ တစ်ရက်တော့ ကျနော့်များကျေးရွာစာကြည့်တိုက် အကိုးဆောင်(ရန်ကုန် )အစ်ကို ရန်နောင်စိုး မြန်မာပြည်ကနေ ပို့ပေးတဲ့ .......ဂန္ဓ၀င် ချစ်ကြည်စတမ်းနဲ့ လွမ်းရတဲ့ မြို့သူ .....( ကိုယော -ဘောဂဗေဒ) ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်ရာမှ ထီးလင်းမြို့နယ်ထဲမှာရှိတဲ့ ဆင်စွယ်ရွာနဲ့ ရွာသားတွေရဲ့ ကမ္ဘာပျက်တဲ့နေ့နဲ့ ရွာပျက်ခဲ့ရတဲ့ အကြောင်းကို သေသေချာချာ သိခွင့်ရပါတော့တယ်။
အဲဒီခေတ်နဲ့ စနစ်ကာလဟာ လွတ်လပ်ရေးရပြီးစ ၀န်ကြီးခူပ်ဦးနု လက်ထက်မှာ မြန်မာပြည်တွင်း ရောင်စုံသူပုံတွေထကြွပီး ကျနော်တို့ နိုင်ငံကြီး ဖယိုဖရဲ ဖြစ်နေချိန်ပေါ့။အဲသည့်အထဲအဆိုးဝါးဆုံး လူ့ဘီလူး တွေဖြစ်ခဲ့တဲ့ အလံနီကွန်မြူနစ်ပါတီဟာ ကျနော်တို့ယောဒေသမှာလဲ ခြေကုပ်ယူပြီးအမာခံ နယ်မြေဖန်တီးခဲ့ကြပါတယ်။သူတို့ဝင်ပီးမွှေကြတဲ့အချိန်ဟာ ၁၉၄၈ နှစ်ဦးပိုင်းမှစတင်ပီး ယောဒေသအတွင်းကို ထိုးဖောက်ခဲ့ကြပါတယ်။အဲဒီ့အချိန်ဟာ ယခုလို သနပ်ခါးစိုက်ပိုးလို့ သင့်တဲ့ ရာသီဥတုကို ပိုင်ဆိုင်တဲ့ အနေထားမိုးမဟုတ်ခဲ့ပါဘူး။ ယောတခွင်လုံး မှိုင်းမှိုင်းပျပျနဲ့ တောတောင် စိမ့်စမ်းတွေနဲ့ ထူထပ်ပြီး ပြည်မနဲ့ လွယ်လင့်တကူဆက်သွယ်သွားလာနိုင်ခြင်းမရှိခဲ့ပါ။ဒီအချက်ကိုမှီတည်ပြီး ဒီ အလံနီကွန်မြူနစ်တွေဟာ ယောဒေကို အနုကောအကြမ်းပါ သုံးပြီး ဘီလူးဇာတ်သွင်းပါတယ်။ ၁၉၄၉ အောက်တိုဘာလထဲမှာတော့ ထီးလင်းမြို့ကို သိမ်းပိုက်ပီး တစ်လခန့် စိုးမိုးခဲ့တယ်လို့ဆိုပါတယ်။ ၁၉၅၄-၁၉၅၅ ခုနှစ်တွေမှာတော့ အလံနီ ကွန်မြူနစ်တွေဟာ ယောနယ်မှာ အင်အား အကောင်းဆုံးအခြေနေကို ရောက်ခဲ့ပါတော့တယ်။၁၉၅၆ခုနှစ်အရောက်မှာတော့ မြန်မာ့တပ်မတော်မှ '' အောင်မာဃ '' စစ်ဆင်ရေးဖြင့် စတင်ပီး ယောနယ်သားတို့နဲ့ပူးပေါင်းကာ အလံနီတို့ကို အမြစ်ဖြုတ်ခဲ့ကြပါတယ်။
ကြည်ညိုနှက်သက်လို့မဟုတ်ပဲ နီးရာဓားကိုကြောက်ကာ သည်းခံပီး အသက်ဆက်ခဲ့ကြရတဲ့ ယောနယ်သူယောနယ်သားတွေမှာ နေ့တစ်ဓူဝ စိတ်မထင်ရင်မထင်သလို အရှင်လတ်လတ် ခန္ဓာကိုယ်အစိတ်ပိုင်းတွေ ဖြတ်တောက်တာ၊ရေနှစ်သတ်တာ လွတ်အောင်ပြေးခိုင်းပီး ဓားနဲ့ပေါက်တာ စသည့်မိုးစုံးသော နှိပ်စက်မှု့တွေကြောင့် ဖြတ်သန်းရတဲ့ နေ့စဉ်ဘ၀တွေဟာ ဘာမှအဓိပ္ပယ်မရှိခဲ့ရပါဘူး။ ဒီလိုနဲ့ အခွင့်သာချိန်မှာ တပ်မတော်နဲ့ပူးပေါင်းပီး သူတို့ကို ထိုက်ထုတ်ခဲ့ကြတာပါ။ ဒီလို ခုခံမှု့တွေကို အငြိုးတေးထားပီး ကံဆိုးလှတဲ့ ဆင်စွယ်ရွာသားတွေဟာ တစ်ရက်တော့ တိတိကျကျအားဖြင့် ၁၉၆၀၊ဧပြီ ၊၂၇ ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၂၂ ခုနှစ်၊ကဆုန်လဆန်း ၃ရက် ဗုဒ္ဓဟူးနေ့ မနက်စောစောမှာ တပ်မတော် တပ်ရင်း ၁၀၉ ရဲ့ ယူနီဖောင်းကို ဟန်ဆောင်ဝတ်ထားတဲ့ အလံနီအင်အား ၁၀၀ကျော်တို့ဟာ ရွာကို အပြင်ကနေ၀ိုင်းထားတယ်လိုဆိုပါတယ်။နောက်ပြီး ရွာထဲကို တစ်ခို့က၀င်ပြီး '' ရွာပြင်တောထဲမှာ အလံနီတွေရဲ့ ဆန်တွေတွေ့ထားတယ် ။အဲတာတွေသွားသယ်ဖို့ ထမ်းပိုးနဲ့ကြိုး ယူလာပြီး ရွာတောင်ဖက် မူလတန်းကျောင်ဝိုင်းထဲမှာ လူစုကြ ဖို့'' စေခိုင်းတယ် ဆိုပါတယ်။ထွက်လာသမျှ လူတွေကို စောင့်ကြည့်စစ်ဆေးကာ မနက်မိုးလင်း အာရုံတက်ချိန် ကျောင်းဝိုင်းထဲလူအစုံမှာတော့ ဗိုလ်ခူပ်လုပ်သူက " မင်းတို့ရွာမှာ လူစုရတာကြာလှချည်လား၊ အလံနီခေါ်ရင် ဘာမဆို အမြန်လုပ်ပေးပီး ငါတို့ တပ်မတော်ကိုကျတော့ အလေးမထားဘူး " ဟိန်းဟောက်ကာ '' ငါတို့က အလံနီတွေလို မရက်စက်ဘူး ၊ဒါပေမယ့်မှတ်သားလောက်အောင်တော့ ဆုံးမပြမယ် " ဆိုပြီး '' ရဲဘော်တို့ ဒီကောင်တွေကို သူတို့ပါလာတဲ့ ကြိုးနဲ့ သူတို့ကို ချည်လိုက်ကြစမ်း
'' လို့ အမိန့်ပေးပါတော့တယ်။
အဲဒီမှာပဲ လေးယောက်တွဲ ၊နှစ်ယောက်တွဲ ၊ သုံးယောက်တွဲ စသဖြင့် ကျောချင်းကပ်အနေဖြင့် တုပ်နှောင်ခြင်းခံကြရတော့တယ်။ထို့နောက်တွင် အချိန်ကြာအောင်ထိုင်ခိုင်းထားပြီး အားရအောင် ဆဲရေးတိုင်းထွာ နှိပ်စက်ညှင်းပန်းကြကာ သူတို့ဟာ အလံနီဖြစ်ကြောင်း မကျေနပ်လို့ လက်စားခြေတာဖြစ်ကြောင်း ပြောဆိုအပြီးမှာတော့ သေနတ်တွေနဲ့ တရစပ် အစုလိုက် အပြုံလိုက် ပစ်သတ်ခြင်းခံကြရပါတော့တယ်။မသေမရှင်ဖြစ်နေတဲ့ သူတွေကို လှံစွပ်တွေနဲ့ထိုးကာ ထိုလူသတ်ကွင်းမှာတော့ သွေးခြင်းခြင်းနီက ဆင်စွယ်ရွာသားတို့ သေကြေကြရလေသည်။ဒါတင်အားမရသေးပဲ တစ်ရွာလုံးကို မီးရှို့ထားခဲ့ကြပါတယ်။ အိမ်တစ်လုံးနဲ့ ဘုန်တော်ကြီးကျောင်းသာကျန်ခဲ့တယ်လို့ဆိုပါတယ်။ ထိုအချိန်က ဆင်စွယ်ရွာမှာ အိမ်ခြေ ၇၁ ၊မူလတန်းကျောင်း တစ်ကျောင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိပါတယ်။အရွယ်ရောက်ပြီးသား ယောက်ျားလေး ၇၄ ယောက်ကို တစ်နေရာထဲ လူသတ်ကွင်းထဲမှာ ရက်ရက်စက်စက်အသတ်ခံရကာ ခရီးလွန်နေသူ ၃၊၄ဦး၊မိန်းမများနှင့် ခလေးတွေသာ သက်သာရာရသွားပါတယ်လို့ မရဏသေတွင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြတဲ့ အဘဦးအောင်ခိုင်နှင့် အဘဦးဘမောင်တို့ကမချိတင်ကဲဖြင့် ပြန်လည်ပြောပြကြပါတယ်ဆိုပြီး စာရေးသူက ဆိုထားပါတယ်။ယခုအခါမှာတော့ ဆယ်စွယ်ရွာလေးဟာ ပြန်လည် အသက်ဝင်လှုပ်ရှားနေပီး အထက်တန်းကျောင်းရှိနေတာ ရယ်၊ဆင်စွယ်ရွာကို ပွိုင့်ထားကာ မြို့နယ်ချင်းဆက်သွယ်ရေးလမ်းတွေ ဖောက်လုပ်ပေးထားတယ်လို့ကြားသိရပါပီ။
ကျနော့်အနေဖြင့် ဒီဆင်စွယ်ရွာ အဖြစ်အပျက်ကို သိရပြီး ငယ်စဉ်က ကျနော့်အဖိုးနဲ့ ရွာထဲက လူကြီးပိုင်းတွေပြောကြားချက်တွေကိုလဲ ပြန်လည် သတိရလာပါတော့တယ်။တောင်ယောဖက်ခြမ်း ကျောက်ထုနယ်ထဲပါဝင်တဲ့ လက်ပန်းရွာလေးက ကျနော့်အဖိုး ဖိုးဘကန်တို့ကိုယ်တိုင်လဲ ပေါ်တာအဆွဲခံရပီး အလံနီတို့ ရိက္ခာထုပ်တွေကို အနောက်ဖက် ခမ်းတိုတောင် ( ယောမြို့ဟောင်းနဲ့ အရှေ့ဖက် ယောချောင်းကြီးရဲ့ကြား) မှာရှိတဲ့ တောတောင် အလံနီတောတွင်းစခန်းသို့ ထမ်းခဲ့ရပုံ ၊မထင်ရင်မထင်သလို ရွာသားတွေသတ်ခံခဲ့ရပုံနဲ့ အလံနီတို့တပ်ပျက်တော့ မိမိရွာမှာပဲအခြေချမြုပ်ကွယ်ကာ အိမ်ထောင်တွေပြုနေတဲ့သူတွေအကြောင်းကို သတိပြန်လည် ရရှိလာရပါတော့တယ်။ နောက်ထပ်အဖိုးတစ်ယောက်ပြောကြားချက်အရ ကျောက်ထုမြို့ကို အသွား တောတွင်းလမ်း နတ်ထိပ်နားမှာ အစုလိုက်ဖမ်းဆီး အသတ်ခံကြရတဲ့ ရွာနီးခူပ်စပ်က လူတွေရဲ့ လူသေအရိုးစုတွေကို အဲသည့်ခေတ်အခါက မည်သူမျှသွားရောက်ဖယ်ရှား မမြှပ်နှံပေးနိုင်တာကြောင့် သူကိုယ်တိုင် လမ်းကြုံဝင်ရှင်းခဲ့ရပုံတို့ကိုလဲ မှတ်သားခဲ့ရဖူးပါတယ်။ ထိုအချိန်ကဆိုရင် မိမိတို့အဖိုးအဖွားတွေဟာ အလုပ်ကို ဖြောင့်တန်းစွာ မလုပ်ရဲကြပဲ မသေရုံတမယ် ပြောင်းဖူးဆန် အနီကြမ်းကြီးတွေ ၊ပိန်းဥတွေစားသောက်ခဲ့ရပါတယ်။ ကျနော်လူမှန်းသိစအရွယ် ၁၉၉၀ခုနှစ်တွေ အထိ ဒီလို ရိက္ခာရှားပါးခဲ့ရတာကို မှတ်မိပါသေးတယ်။ကြေးဥဆိုပြီး ဆန်အစာထိုး သစ်ဥတွေကိုတူးပြီး မိသားစုအလိုက် ယောချောင်းကြီးထဲ ဆင်းပီး ဖွပ်ကြရတာပါ။ အဲသည့်အချိန်ကဆိုလျှင် မိမိအနေဖြင့် ဘာမှအထူအပါးနားမလည်ခဲ့ပါဘူး။ ခုတော့ အဲလို အနေထားတွေကိုနားလည်လာသလို သည်အခြေနေကို ပြန်လည်မသက်ဆင်းရအောင် လက်ရှိယောဒေသကျောမွဲတွေအတွက်လဲ ဒေသအလုပ်အကိုင်လေးတွေ သက်ဆိုင်ရာက ဖန်တီးပေးရင်း ကယ်တင်ကူညီပေးဖို့ ဆန္ဒပြုမိပါတော့တယ်။
တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတာကို လက်ခံလို့ မဟုတ်ပဲ တိုးပွားလာတဲ့ လူဦးရေ၊ရှိနေတဲ့ မိဘလက်ငုတ်လက်ရင်းလေးတွေမလောက်ငလို့ ဒေသကနေလွင့်စင်သွားပြီး ၀မ်းရေးအတွက် ရုန်းကန်နေကြရတဲ့ မိမိနှင့်ဘ၀တူ လူငယ်လူရွယ်လေးတွေ ဘ၀ကို မိမိသားသမီးများပမာ ခေတ္တခံစားပေးပြီး သက်ဆိုင်သူတို့ ပူပေါင်းဖြေရှင်းပေးစေချင်ပါတယ်။တကယ်တော့ကျနော်တို့တွေဟာ ကိုယ်မွေးတဲ့ ကိုယ့်ဒေသမှာပဲ ရိုးရာအမွေတွေ ဆက်ခံလို့ အေးအေးလူလူပဲနေချင်ကြတာဟာ ယောသူယောသားတိုင်းရဲ့ အရိုးခံစိတ်ရင်းပါ။ကျနော်တို့ဒေသမှာရှိကြတဲ့ သူတွေဟာ ဟိုးယခင် ပုဂံခေတ်ကတည်းကစလို့ နိုင်ငံတော်အတွက် အနောက်တံခါးမအတွက် လုံခြုံရေးကာကွယ်ပေးကြရင်း လေးသည၊် မြင်းသည် ၊ဆင်ကောင်းတွေ တွေမွေးထုတ်ဆက်သပေးခဲ့ကြပြီး အမြဲမပြတ် စစ်မှု့ထမ်းခဲ့ကြ၊ရိက္ခာထောက်ပံ့ပေးခဲ့ကြတဲ့ သစ္စာရှိ သွေးချင်း သားချင်းတွေပါ။ဖတ်မှတ်ထားသလောက် အလောင်းမင်းတရားရဲ့ သန်လျင်မြို့သိမ်းပွဲ နှင့် ယိုးဒယားအရေး၊ပုခန်းမင်းကြီး ရဲ့ မဏိပူရအရေးနှင့် တရုတ်ရန်ကာကွယ်ရန်အတွက် မိုးနဲ၊သိန္ဒီစစ်ကြောင်းချီတပ်အတွက် လူရိက္ခာ၊ မွန်ဘုရင် ရာဇာဓိရာဇ် အ၀ကို လာရောက်တိုက်ခိုက်တော့ ယောနယ်စစ်အင်အားကို ထုတ်ပြပြီး နောက်ပြန် တပ်ဆုတ်စေခဲ့တဲ့ ကာလ(မိမိ လေ့လာမိသေးသမျှသာ) စသည်တို့ကို ထောက်ရှု့ခြင်းဖြင့် ယခင်ကလဲ ပေးဆပ်ခဲ့ကြရသလို ခုထိလဲ ယောနယ်သား တွေဟာ စစ်ဖက် အရပ်ဖက်တွေမှာ ကြိုးကြိုးစားစားနဲ့ နိုင်ငံတော်အတွက်ပေးဆပ်ခဲ့ကြပါတယ်။သို့သော်လဲ မိမိတို့ ဒေသခံတွေအတွက် မည်သည့်ခေတ်ကမှ မိမိတို့ ဒေသကို အရောင်တောက်ပ အောင် မချီးမြှောက် ဖွံ့ဖြိုးအောင် မဆောင်ရွက်ပေးခဲ့ကြပါဘူး။ ဒါကြောင့်ယခုအခါမှာတော့ ကြည့်တတ်မြင်တတ်ပီး အခြေခံကြတဲ့ လူထုလိုအပ်တခုချင်းတွေ တတ်နိုင်သမျှ ကူညီဖြည့်ဆည်း ပြောင်းလဲ ပေးဖို့ သက်ဆိုင်ရအစိုးရပ်တစ်ခု၊ အုပ်ခူပ်သူ တာဝန်ခံသူတို့ အနေဖြင့် အရင်းမြစ်တွေကို သေချာရှာပီး ပြောင်းလဲပေးဖို့ တိုက်တွန်းလိုပါတော့တယ်ခင်ဗျာ။
ကိုရင် ဒိပ္ပ
ကိုးကားများ =ဂန္ဓ၀င် ချစ်ကြည်စတမ်းနဲ့ လွမ်းရတဲ့မြို့သူ ( ကိုယော)
=ကုန်းဘောင်ခေတ် ယောဒေသ -(အေဒီ ၁၇၅၂-၁၈၈၅ ) ဦးကျော် (အငြိမ်းစား သမိုင်းပါမောက္ခ) အဖွဲ့ဝင်၊မြန်မာသမိုင်းအဖွဲ့

Thursday, October 2, 2014
ထိမ်းသိမ်းရန်လိုအပ်နေသောသစ်တော
မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင်
ကျောက်ထုမြီု့ အနီးနားပါတ်ဝန်းကျင်
ကျေးရွာများတွင်Change Saw များ
ကိုအသုံးပြုကာ သစ်များကို ခုတ်လှဲ
ကာသစ်ခွဲသား များ ကို စည်း ကမ်းမဲ့
ထုတ်လုပ်နေကြပါသည်။
ယခုအခါဒေသတွင် ကျွန်း၊ ပျဉ်းက
တိုး၊ပိတောက်၊အင်ကြင်း၊ အစရှိသော
သစ်မာများ လုံးဝ မရှိတော့ သဖြင့် သ
ပြေ၊သရက်၊ဇောင်းဖလေး၊သစ်စိမ့်၊ဖန်း
ခါး၊အစရှိသော အပင်များကို ခုတ်လှဲ
ကာပျဉ်အဖြစ်ရောင်းချနေကြပါသည်။
၎င်း Change Saw များကု
ကျောက်ထုမြီု့တွင်အလွယ်တကူဝယ်
ယူရနိုင်ပြီးစက်တစ်းလုံးလျှင်သစ်တောဦးစီးဌာနသို့ငွေကျပ်နှစ်သောင်းပေးရကြောင်းကိုစက်ပိုင်ရှင်များ၏ပြောပြ
ချက်အရသိရှိရပါသည်။
ထိုကကဲ့သို့စည်းကမ်းမဲ့သစ်ထုတ်
နေခြင်းကြောင့်များမကြာမှီယောနယ်
ဒေသတွင်သစ်တောပြုန်းတီးမူကိုကြုံ
တွေ့ရတောမည်မှာမလွှဲမသြွေဖစ်ပါသည်။
ထိုကြောင့်၎င်းကိစ္စအားသက်
ဆိုင်ဌာနများနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနတို့မှာ အချိန်မှီ တားစည်း
ပေးရန်လိုအပ်နေပြီးဖြစ်ပါကြောင်းယောမြန်မာမှတဆင့်တင်ပြလိုက်ရပါသည်။
ယောမင်းနွယ်
ိ
ဲ
်