Wednesday, October 15, 2014

ခေါင်းလောင်းလေးရဲ့ ငိုရှိုက်သံ

ခေါင်းလောင်းလေးရဲ့ ရှိုက်သံ
            ======================

မတွေ့တာကြာပြီဖြစ်တဲ့ အလယ်တန်း အတန်းပိုင် ဆရာမ တစ်ယာက်နဲ့ လိုင်းပေါ်မှာ စကားပြောဖြစ်တယ်။ သာကြောင်းမာကြောင့်မေးပြီး ကျနော်က ဆရာမရဲ့ စာသင်ခန်းအကြောင်းလေး မေးဖြစ်တယ်။ကိုယ်နေခဲ့တဲ့ ကျောင်းဆိုတော့လဲ လွမ်းမိတာပေါ့ဗျာ။ ဆရာမက တစ်ခွန်းပဲ ပြောသွားပါတယ်။ မင်းတို့ခေတ်တွေကလို အခု ကျောင်းသားတွေ ကျောင်းစာကို လေ့လာလိုက်စားမှုမှာ ထက်သန်မှုတွေ မရှိဘူးတဲ့။ ကျောင်းစာကို အားနည်းလာတယ်လို့ ပြောသွားတယ်။ မလေးရှားကနေ ပြန်သွားတဲ့ အစ်ကိုတစ်ယောက်လဲ ညည်းဖူးတယ်။ ညီလေးရေ ခေတ်တွေ ပြောင်းကုန်ပြီ။ ညနေစောင်းရင် လမ်းလျှောက်တဲ့ခေတ် မဟုတ်တော့ဘူး။ ညနေစောင်းရင် ဆိုင်ကယ်တစ်စီးနဲ့ ရွာပါတ် ထန်းရေသောက်တဲ့ ခေတ်ရောက်နေပြီတဲ့။ ကျနော် အံ့သြသွားတယ်။ သူတို့ပြောတဲ့ စကားနှစ်ခုကို ကျနော့် ဘာသာ အဓိပ္ပာယ် ဖွင့်ကြည့်လိုက်တယ်။ ခေတ်တွေ ပြောင်းသွားတဲ့ အကြောင်းပေါ့။
ကျနော်ကြီးပြင်းလာခဲ့တဲ့ ရွာလေးက ကျနော်ရွာက ထွက်မလာခင်အချိန်ထိ ခေတ်နောက်ကျနေတဲ့ ရွာလေးပါ။ ယောနယ်ဆိုတာကလဲ မဖွံ့ဖြိုးတဲ့ဒေသဆိုတော့လေ။ ကျနော်တို့ လူငယ်တွေမှာ အိမ်မက်ကိုယ်စီ ရှိခဲ့ကြတယ်။ မြို့တက်ပြီး အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ရမယ်လို့။ ခက်တာက စီးပွားရေး တက်လုပ်မှာလား?? ရွာမှာတောင် စားဖို့သောက်ဖို့က အနိုင်နိုင်လေ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အတတ်ပညာရှင် အနေနဲ့လား???? အတတ်ပညာအနေနဲ့ကလည်း လက်သမား၊ ပန်းရံပညာ၊ သစ်ခုတ်၊ ဝါးခုတ်တာလောက်ပဲ ကျွမ်းတာဆိုတော့ အဟဲ မဖြစ်နိုင်ဘူးလေ။ထွက်ပေါက်က တစ်ခုပဲရှိတယ်။ ဘာလဲဆိုတော့ ပညာရေးပဲ။ ယောသား/သူတစ်ယောက်က ယောနယ်မှာမွေးလာပြီး သမရိုးကျ တောင်သူလုပ် ယောနယ်သား/သူအချင်းချင်းပဲ အိမ်ထောင်ကျ ယောနယ်မှာပဲသေ ဆိုရုံလောက်နဲ့တော့ မတင်းတိမ်ကြဘူးဗျ။

             လူဆိုတာက အမြင့်ပျံချင်ကြတဲ့ လူတွေ ချည်းပဲ။ ဒီတော့ အမြင့်ပျံဖို့က ပညာရေးက ခွန်အားတစ်ခု ဖြစ်လာကြတယ်။ မိဘတွေကလဲ အားပေးတယ်။ ကျောင်းသား/သူတွေကလဲ ကြိုးစားကြတယ်။ ပညာရေးမှာလည်း အပြိုင်အဆိုင် ဖြစ်လာတယ်။ အပြိုင်အဆိုင်ဆိုလို့ တစ်မျိုးမတွေးလိုက်နဲ့ဗျ။ ဟိုဘက်အိမ်က ကျောင်းသား စာကျက်နေတုန်း ကိုယ့်သားလေးက အိပ်ချင်နေရင် ပေးမအိပ်ဘူး။ စာကျက်ခုံမှာပဲ စောင့်ပြီး ကျက်ခိုင်းနေတာ။ အဲလို ပြိုင်ကြတာ။ အလုပ်တွေ ကျနေရင်တောင် တောကို ထမင်းပို့ရုံလေး ပို့ခိုင်းရတာတောင် မိဘတွေ မျက်နှာက သိပ်ကောင်းချင်တာ မဟုတ်ဘူး။ ဖယောင်းတိုင်မလောက်လို့ ပိုက်ဆံမရှိရင်တောင် ကျန်တဲ့သူတွေက မီးမှောင်မှောင်နဲ့ ထမင်းစားပြီး ကျောင်းသားကို ဖရောင်းတိုင်လောက်အောင် လုပ်ပေးခဲ့တဲ့ မိဘတွေဗျ။ ကျောင်းသားဖက်က ကြည့်ရရင်လဲ ကျောင်းထဲမှာ ဆော့လို့ ရိုက်ခံရရင် ဘယ်သူမှ ဝမ်းမနည်းကြဘူး။ ဒါပေမယ့် အတန်းထဲမှာ စာမရလို့ အရိုက်ခံရရင်တော့ မျက်နှာတွေက မကောင်းဘူးဗျ။ ကျနော်ကိုယ်တိုင်ပါပဲ။ ကျနော်က ခပ်ညံ့ညံ့ကောင်ပါပဲ။ ဒါပေမယ့် ကိုယ်စာမရလို့ ခုံပေါ်တက် မတ်တပ်ရပ်လိုက်ရရင် စိတ်ထဲမှာ ခံပြင်းလာတယ်။ ကိုယ့်ကို ညံ့ရန်ကောဆိုတဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်နေရတဲ့ သူငယ်ချင်းတွေရဲ့ မျက်လုံးဒဏ်ကို ဆရာရဲ့ ကြိမ်လုံးထက် ပိုနာခဲ့တာပါ။ အဲတော့ စာကိုပဲ မဲခဲ့ရတာပေါ့။ ပြီးတော့ အိမ်ပြန်ရောက်ရင်လဲ ထပ်အရိုက်ခံရဦးမယ်လေ။ ဆရာရိုက်တာက နှစ်ချက် အိမ်ပြန်ရောက် အဖေက ၄ချက်ထပ်ရိုက်မယ်။ ဒီတော့ ဒီရေ ဒီလေနဲ့ ဆိုတော့ ဘယ်လိုလုပ်ပြီး ပညာရေးမှာ ရှေ့မရောက်ပဲ နေမှာလဲ။

                ကြုံလို့ပဲ ထည့်ပြောဦးမယ်ဗျ လမ်းပန်းဆက်သွယ်ရေးကောင်းပုံ။ ကျနော်တို့ရွာက ဂန့်ဂေါနဲ့ ၁၅မိုင်ဝေးတယ်။ ၁၂လပိုင်းလောက်ကနေ ၃လပိုင်းလောက်အထိ ကားသွားလို့ရတယ်။ မိုးကျရင် မရတော့ဘူး။ ၆လပိုင်း ၇ လပိုင်းလောက်ကနေ ၈လပိုင်းလောက်အထိ လှေနဲ့ သွားလို့ရတယ်။ ၃လပိုင်းကနေ ၆ လပိုင်းကြား၊ ၈ လပိုင်းကနေ ၁၂လပိုင်းကြားဆိုရင်တော့လား သွားချင်ရင် တစ်ခုပဲ ရှိတယ်။ ကိုယ့်ခြေထောက် ကိုယ်အားကိုး မြစ်နှစ်တန်ရေကူးပြီး ခြေလျင်လျှောက်ရုံကလွဲပြီး ကျန်တာ ရွေးချယ်စရာ မရှိဘူး။ စာမေးပွဲတွေ နီးကပ်လာတဲ့ ၁၂လပိုင်းလောက်မှာ ကားမရှိပါဘူး။ စာမေးပွဲတွေ နီးကပ်လာပြီဆိုတော့ စာမေးပွဲအထောက်အကူပြု စာအုပ်တွေ လိုချင်လာတယ်။ ဂန့်ဂေါမှာပဲ စာအုပ်က ဝယ်လို့ရတယ်လေ။ ဒီတော့ မိဘတွေ ခမျာ ၁၅မိုင်ခရီးကို နေ့ချင်းပြန်သွားသူကသွား၊ မနက်ချင်းပြန် သွားသူကသွားနဲ့ သွားပြီး ဝယ်ပေးကြတယ်ဗျ။ မိဘတွေ မအားလွန်းလို့ ကျောင်းသားတွေကိုယ်တိုင် သွားကြရတာလဲ ရှိတယ်ဗျ။ အဲလို မိဘတွေက ကြိုးစားပြလေလေ သားသမီးကလဲ ပိုကြိုးစားလေဆိုတော့ အောင်မြင်မှုက လက်တစ်ကမ်းပေါ့ဗျာ။ နှိုင်းစရာ စကားပုံ တစ်ခုရှိတယ်။ နည်းနည်းတော့ ရိုင်းတယ်ဗျ။  '' ချောင်ပိတ်ရိုက်တဲ့ခွေးက ပိုကြောက်စရာကောင်းတယ် "တဲ့။ တကယ်တော့ ကျနော်တို့ခေတ်က လူငယ်တွေဟာ ဒီစကားပုံလိုပဲ။ ပညာရေးက လွဲရင် ကျန်တာ အားကိုးရာ မရှိတဲ့ ချောင်တစ်ချောင်မှာ ကြီးပြင်းလာခဲ့ရတဲ့ သူတွေဆိုတော့ ဒီတစ်ပေါက်ကနေပဲ ရအောင် ရုန်းထွက်ကြတယ်။ အဲအကျိုးဆက်ကြောင့် ကျနော်တို့ရွာမှာ တစ်အိမ်တစ်ယောက်နီးပါး ဘွဲ့ရပါလို့ ပြောရင် ကြွားရာကျမလား။ တစ်ချို့အိမ်တွေဆို သားသမီး လေးယောက်ရှိရင် လေးယောက်လုံး ဘွဲ့ရပြီးသား။ ကြွားတယ်လို့ ထင်ရင် ထင်ပေါ့ဗျာ။

                  လမ်းကြုံတွေ ထည့်ပြောရင်း လိုရင်းမရောက်တော့ဘူး။ လိုရင်းသွားကြမယ်။ အခုနောက်ပိုင်း ယောနယ်က လူငယ်တွေ အပြင်ရောက်ကုန်ကြပြီ။ အစိုးရဝန်ထမ်း၊ ပြည်ပထွက်ပေါ့။ မိဘတွေ၊မောင်ငယ်တွေကို ပြန်ထောက်ပံ့ကြပြီ။ မိသားစုက အနည်းနဲ့ အများချောင်လည်လာတယ်။ ဆိုင်ကယ်တွေကလည်း မှိုလိုပေါက်လာတယ်။ အပြင်ကို ရောက်သွားကြတဲ့ လူငယ်တွေက ကိုယ်တွေတုန်းကလို မခံစားစေချင်လို့ ညီငယ်တွေကို လိုတရ ဖြစ်စေတယ်။ မိဘတွေကလည်း အကြီးတွေလို မခံစားစေချင်လို့ အငယ်တွေကို သက်တောင့်သက်သာထားတယ်။ လူဆိုတာက ကျပ်တည်းမှု ရှိမှ ရုန်းကန်အားက ပိုထက်တယ်ဗျ။ သက်တောင့်သက်သာဘဝမှာ ကြိုးစားရုန်းကန်မှုနည်းတယ်။ ကျနော်တို့ ညီငယ်တွေက သက်တောင့်သက်သာဘဝမှာ ကြီးပြင်းလာကြတယ်။ ကျနော့်တိုခေတ် လူငယ်တွေရဲ့ ဘဝနဲ့ ခုလက်ရှိဘဝက ကွားခြားနေတယ်။ အကျိုးဆက်က သူတို့တွေဟာ ပညာရေးမှာ ကျနော်တို့ခေတ်ကလို ပြင်းထန်တဲ့ အာသီသတွေ မရှိတော့တာပါပဲ။ ပညာရေးထက် ဘေးကို အားသန်လာကြတယ်။ ဆယ်တန်းမအောင်မှာ သေမလောက်ကြောက်နေရမှာထက် ဆယ်တန်းမအောင်လဲ ဘာမှ မဖြစ်ဘူးဆိုတဲ့ အတွေးတွေပဲ စိုးမိုးသွားပါပြီ။ စာသင်ခန်းဆိုတာ ဘဝရဲ့ လှေကားထစ်ဆိုတာ အမှန်ကို မမြင်နိုင်ပဲ ဝတ်ကျေတန်းကျေတက်ရတဲ့ အရာတစ်ခုလို မြင်နေကြတာဟာ ယောနယ်ရဲ့ အနာဂါတ်အတွက် ကောင်းတဲ့ လက္ခဏာတစ်ခုတော့ ဖြစ်မယ် မထင်ပါဘူး။ ကျောင်းသားတွေ စာမှာ ပျော်ပိုက်မှု နည်းလာတဲ့ အတွက် ဆရာမတွေကလဲ သင်ကြားရေးမှာ စိတ်ပျက်အားလျော့မှုတွေ ဖြစ်လာတယ်။ ဒါဟာ ဆရာမတွေရဲ့ အမှားမဟုတ်ဘူး။ တစ်ချိန်က အလန်းဆန်းဆုံ ပန်းတွေကို ပန်းတွေကို မွေးထုတ်ပေးခဲ့တာ ဒီဆရာမတွေလေ။ အခုချိန်ထိလည်း သူတို့ ဒီအတိုင်းရှိနေတုန်းပဲ။ ဒါပေမယ့် အနှစ် ၃၀ ဝါရင့်ဆရာမ တစ်ယောက်ရဲ့ နှုတ်ဖျားကနေ အားလျော့နေတဲ့ စကားတစ်ခွန်းဟာကျနော့်ရဲ့ ရင်ကို ပြင်းပြင်းထန်ထန် နာကျင်စေပါတယ်။

                 ဒါတွေအားလုံးဟာ ဆရာမတွေရဲ့ အမှားမဟုတ်သလို ကလေးတွေရဲ့ အမှားမဟုတ်ဘူး။ ဒါဟာ ကျနော်တို့ လူကြီးမိဘတွေရဲ့ အမှားသာဖြစ်တယ်။ နုနယ်တဲ့ သူတို့နှလုံးသားကို ကျနော်တို့ လူကြီးတွေက အလိုလိုက်ခြင်းဆိုတဲ့ အရာနဲ့ ယဉ်ယဉ်လေး သတ်လိုက်ကြတာပဲ။ ဒါတွေကို ကျနော်တို့က အခုချိန်မှာ ပြန်လည် ပြင်ဆင်ရမယ်။ ကျနော်တို့ လူကြီး ဖြစ်နေသူတွေက အခုချိန်မှာ လူငယ်တွေကို ထိန်းသိမ်းရမဲ့အချိန်ရောက်နေပါပြီ။ ဒီအချိန်မှာ ထိန်းသိမ်းကြရင် အချိန်မှီပါသေးတယ်ဗျာ။ကျနော်တို့ မိဘမောင်နှမနဲ့ ဆရာ/မ တွေ စုပေါင်းပြီး လူငယ်တွေကို လမ်းမှန်ပြရအောင်လို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။ တစ်ချိန်က ကျောင်းတက်ခေါင်းလောင်းလေးရဲ့ အသံဟာ အင်မတန် ဝံ့ကြွားခဲ့ပါတယ်။ အခုချိန်မှာ စိတ်ပျက်အားလျော့မှုတွေနဲ့ ရှိုက်သံတွေကို ကြားနေရပါပြီ။ အောင်မြင်မှုတွေကို လမ်းပြပေးနေတဲ့ ခေါင်းလောင်းလေးကို ရှိုက်သံတွေ ပျောက်ပြီး တစ်ချိန်ကလို လန်းဆန်းတက်ကြွနေစေဖို့ အားလုံး ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ။

လေးစားစွာဖြင့်......

                          ယောစစ်အိမ်

No comments:

Post a Comment