Sunday, October 5, 2014

ခေတ်အဆက်ဆက် အမေ့ခံယောဒေသနဲ့ စတေးခံ ဆင်စွယ်ရွာ


                                             

                    အရင်အပတ်ထဲက ယောနယ်ပေ့ခ်ျကိုတက်ပီး ဆင်စွယ်ရွာနဲ့ ပတ်သက်တဲ့ ကျောက်တိုင်နဲ့ ကမ္ဗည်းစာပါပုံကိုမြင်တွေ့လိုပီး မိတ်ဆွေများအား အကူညီတောင်း ရယူခဲ့ပါတယ်။ပုံလေးတွေ ပို့ပေးကြတဲ့ မိတ်ဆွေများကိုလဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။မိမိအနေဖြင့် အရင်က ဒီဆင်စွယ်ရွာကိစ္စကို  သေချာမသိခဲ့ပါဘူး။ တစ်ရက်တော့ ကျနော့်များကျေးရွာစာကြည့်တိုက် အကိုးဆောင်(ရန်ကုန် )အစ်ကို ရန်နောင်စိုး မြန်မာပြည်ကနေ ပို့ပေးတဲ့  .......ဂန္ဓ၀င် ချစ်ကြည်စတမ်းနဲ့ လွမ်းရတဲ့ မြို့သူ .....( ကိုယော -ဘောဂဗေဒ) ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်ရာမှ ထီးလင်းမြို့နယ်ထဲမှာရှိတဲ့ ဆင်စွယ်ရွာနဲ့ ရွာသားတွေရဲ့ ကမ္ဘာပျက်တဲ့နေ့နဲ့ ရွာပျက်ခဲ့ရတဲ့ အကြောင်းကို သေသေချာချာ သိခွင့်ရပါတော့တယ်။

        အဲဒီခေတ်နဲ့ စနစ်ကာလဟာ လွတ်လပ်ရေးရပြီးစ ၀န်ကြီးခူပ်ဦးနု လက်ထက်မှာ မြန်မာပြည်တွင်း ရောင်စုံသူပုံတွေထကြွပီး ကျနော်တို့ နိုင်ငံကြီး ဖယိုဖရဲ ဖြစ်နေချိန်ပေါ့။အဲသည့်အထဲအဆိုးဝါးဆုံး လူ့ဘီလူး တွေဖြစ်ခဲ့တဲ့ အလံနီကွန်မြူနစ်ပါတီဟာ ကျနော်တို့ယောဒေသမှာလဲ ခြေကုပ်ယူပြီးအမာခံ နယ်မြေဖန်တီးခဲ့ကြပါတယ်။သူတို့ဝင်ပီးမွှေကြတဲ့အချိန်ဟာ ၁၉၄၈ နှစ်ဦးပိုင်းမှစတင်ပီး ယောဒေသအတွင်းကို ထိုးဖောက်ခဲ့ကြပါတယ်။အဲဒီ့အချိန်ဟာ ယခုလို သနပ်ခါးစိုက်ပိုးလို့ သင့်တဲ့ ရာသီဥတုကို ပိုင်ဆိုင်တဲ့ အနေထားမိုးမဟုတ်ခဲ့ပါဘူး။ ယောတခွင်လုံး မှိုင်းမှိုင်းပျပျနဲ့ တောတောင် စိမ့်စမ်းတွေနဲ့ ထူထပ်ပြီး ပြည်မနဲ့ လွယ်လင့်တကူဆက်သွယ်သွားလာနိုင်ခြင်းမရှိခဲ့ပါ။ဒီအချက်ကိုမှီတည်ပြီး ဒီ အလံနီကွန်မြူနစ်တွေဟာ ယောဒေကို အနုကောအကြမ်းပါ သုံးပြီး ဘီလူးဇာတ်သွင်းပါတယ်။ ၁၉၄၉ အောက်တိုဘာလထဲမှာတော့ ထီးလင်းမြို့ကို သိမ်းပိုက်ပီး တစ်လခန့် စိုးမိုးခဲ့တယ်လို့ဆိုပါတယ်။ ၁၉၅၄-၁၉၅၅ ခုနှစ်တွေမှာတော့ အလံနီ ကွန်မြူနစ်တွေဟာ ယောနယ်မှာ အင်အား အကောင်းဆုံးအခြေနေကို ရောက်ခဲ့ပါတော့တယ်။၁၉၅၆ခုနှစ်အရောက်မှာတော့ မြန်မာ့တပ်မတော်မှ  '' အောင်မာဃ '' စစ်ဆင်ရေးဖြင့် စတင်ပီး ယောနယ်သားတို့နဲ့ပူးပေါင်းကာ အလံနီတို့ကို အမြစ်ဖြုတ်ခဲ့ကြပါတယ်။

           ကြည်ညိုနှက်သက်လို့မဟုတ်ပဲ နီးရာဓားကိုကြောက်ကာ သည်းခံပီး အသက်ဆက်ခဲ့ကြရတဲ့ ယောနယ်သူယောနယ်သားတွေမှာ နေ့တစ်ဓူဝ စိတ်မထင်ရင်မထင်သလို အရှင်လတ်လတ် ခန္ဓာကိုယ်အစိတ်ပိုင်းတွေ ဖြတ်တောက်တာ၊ရေနှစ်သတ်တာ လွတ်အောင်ပြေးခိုင်းပီး ဓားနဲ့ပေါက်တာ စသည့်မိုးစုံးသော နှိပ်စက်မှု့တွေကြောင့် ဖြတ်သန်းရတဲ့ နေ့စဉ်ဘ၀တွေဟာ ဘာမှအဓိပ္ပယ်မရှိခဲ့ရပါဘူး။ ဒီလိုနဲ့ အခွင့်သာချိန်မှာ တပ်မတော်နဲ့ပူးပေါင်းပီး သူတို့ကို ထိုက်ထုတ်ခဲ့ကြတာပါ။ ဒီလို ခုခံမှု့တွေကို အငြိုးတေးထားပီး ကံဆိုးလှတဲ့ ဆင်စွယ်ရွာသားတွေဟာ တစ်ရက်တော့ တိတိကျကျအားဖြင့် ၁၉၆၀၊ဧပြီ ၊၂၇ ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၂၂ ခုနှစ်၊ကဆုန်လဆန်း ၃ရက် ဗုဒ္ဓဟူးနေ့ မနက်စောစောမှာ တပ်မတော် တပ်ရင်း ၁၀၉ ရဲ့ ယူနီဖောင်းကို ဟန်ဆောင်ဝတ်ထားတဲ့ အလံနီအင်အား ၁၀၀ကျော်တို့ဟာ ရွာကို အပြင်ကနေ၀ိုင်းထားတယ်လိုဆိုပါတယ်။နောက်ပြီး ရွာထဲကို တစ်ခို့က၀င်ပြီး  '' ရွာပြင်တောထဲမှာ အလံနီတွေရဲ့ ဆန်တွေတွေ့ထားတယ် ။အဲတာတွေသွားသယ်ဖို့ ထမ်းပိုးနဲ့ကြိုး ယူလာပြီး ရွာတောင်ဖက် မူလတန်းကျောင်ဝိုင်းထဲမှာ လူစုကြ ဖို့'' စေခိုင်းတယ် ဆိုပါတယ်။ထွက်လာသမျှ လူတွေကို စောင့်ကြည့်စစ်ဆေးကာ မနက်မိုးလင်း အာရုံတက်ချိန် ကျောင်းဝိုင်းထဲလူအစုံမှာတော့ ဗိုလ်ခူပ်လုပ်သူက " မင်းတို့ရွာမှာ လူစုရတာကြာလှချည်လား၊ အလံနီခေါ်ရင် ဘာမဆို အမြန်လုပ်ပေးပီး ငါတို့ တပ်မတော်ကိုကျတော့ အလေးမထားဘူး " ဟိန်းဟောက်ကာ '' ငါတို့က အလံနီတွေလို မရက်စက်ဘူး ၊ဒါပေမယ့်မှတ်သားလောက်အောင်တော့ ဆုံးမပြမယ် " ဆိုပြီး '' ရဲဘော်တို့ ဒီကောင်တွေကို သူတို့ပါလာတဲ့ ကြိုးနဲ့ သူတို့ကို ချည်လိုက်ကြစမ်း
'' လို့ အမိန့်ပေးပါတော့တယ်။

            အဲဒီမှာပဲ လေးယောက်တွဲ ၊နှစ်ယောက်တွဲ ၊ သုံးယောက်တွဲ စသဖြင့် ကျောချင်းကပ်အနေဖြင့် တုပ်နှောင်ခြင်းခံကြရတော့တယ်။ထို့နောက်တွင် အချိန်ကြာအောင်ထိုင်ခိုင်းထားပြီး အားရအောင် ဆဲရေးတိုင်းထွာ နှိပ်စက်ညှင်းပန်းကြကာ သူတို့ဟာ အလံနီဖြစ်ကြောင်း မကျေနပ်လို့ လက်စားခြေတာဖြစ်ကြောင်း ပြောဆိုအပြီးမှာတော့ သေနတ်တွေနဲ့ တရစပ် အစုလိုက် အပြုံလိုက် ပစ်သတ်ခြင်းခံကြရပါတော့တယ်။မသေမရှင်ဖြစ်နေတဲ့ သူတွေကို လှံစွပ်တွေနဲ့ထိုးကာ ထိုလူသတ်ကွင်းမှာတော့ သွေးခြင်းခြင်းနီက ဆင်စွယ်ရွာသားတို့ သေကြေကြရလေသည်။ဒါတင်အားမရသေးပဲ တစ်ရွာလုံးကို မီးရှို့ထားခဲ့ကြပါတယ်။ အိမ်တစ်လုံးနဲ့ ဘုန်တော်ကြီးကျောင်းသာကျန်ခဲ့တယ်လို့ဆိုပါတယ်။ ထိုအချိန်က ဆင်စွယ်ရွာမှာ အိမ်ခြေ ၇၁ ၊မူလတန်းကျောင်း တစ်ကျောင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိပါတယ်။အရွယ်ရောက်ပြီးသား ယောက်ျားလေး ၇၄ ယောက်ကို တစ်နေရာထဲ လူသတ်ကွင်းထဲမှာ ရက်ရက်စက်စက်အသတ်ခံရကာ ခရီးလွန်နေသူ ၃၊၄ဦး၊မိန်းမများနှင့် ခလေးတွေသာ သက်သာရာရသွားပါတယ်လို့ မရဏသေတွင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြတဲ့ အဘဦးအောင်ခိုင်နှင့် အဘဦးဘမောင်တို့ကမချိတင်ကဲဖြင့်  ပြန်လည်ပြောပြကြပါတယ်ဆိုပြီး စာရေးသူက ဆိုထားပါတယ်။ယခုအခါမှာတော့ ဆယ်စွယ်ရွာလေးဟာ ပြန်လည် အသက်ဝင်လှုပ်ရှားနေပီး အထက်တန်းကျောင်းရှိနေတာ ရယ်၊ဆင်စွယ်ရွာကို ပွိုင့်ထားကာ မြို့နယ်ချင်းဆက်သွယ်ရေးလမ်းတွေ ဖောက်လုပ်ပေးထားတယ်လို့ကြားသိရပါပီ။

          ကျနော့်အနေဖြင့် ဒီဆင်စွယ်ရွာ အဖြစ်အပျက်ကို သိရပြီး ငယ်စဉ်က ကျနော့်အဖိုးနဲ့ ရွာထဲက လူကြီးပိုင်းတွေပြောကြားချက်တွေကိုလဲ ပြန်လည် သတိရလာပါတော့တယ်။တောင်ယောဖက်ခြမ်း ကျောက်ထုနယ်ထဲပါဝင်တဲ့ လက်ပန်းရွာလေးက ကျနော့်အဖိုး ဖိုးဘကန်တို့ကိုယ်တိုင်လဲ ပေါ်တာအဆွဲခံရပီး အလံနီတို့ ရိက္ခာထုပ်တွေကို အနောက်ဖက် ခမ်းတိုတောင် ( ယောမြို့ဟောင်းနဲ့ အရှေ့ဖက် ယောချောင်းကြီးရဲ့ကြား) မှာရှိတဲ့ တောတောင် အလံနီတောတွင်းစခန်းသို့ ထမ်းခဲ့ရပုံ ၊မထင်ရင်မထင်သလို ရွာသားတွေသတ်ခံခဲ့ရပုံနဲ့ အလံနီတို့တပ်ပျက်တော့ မိမိရွာမှာပဲအခြေချမြုပ်ကွယ်ကာ အိမ်ထောင်တွေပြုနေတဲ့သူတွေအကြောင်းကို သတိပြန်လည် ရရှိလာရပါတော့တယ်။ နောက်ထပ်အဖိုးတစ်ယောက်ပြောကြားချက်အရ ကျောက်ထုမြို့ကို အသွား တောတွင်းလမ်း နတ်ထိပ်နားမှာ အစုလိုက်ဖမ်းဆီး အသတ်ခံကြရတဲ့ ရွာနီးခူပ်စပ်က လူတွေရဲ့ လူသေအရိုးစုတွေကို အဲသည့်ခေတ်အခါက မည်သူမျှသွားရောက်ဖယ်ရှား မမြှပ်နှံပေးနိုင်တာကြောင့် သူကိုယ်တိုင် လမ်းကြုံဝင်ရှင်းခဲ့ရပုံတို့ကိုလဲ မှတ်သားခဲ့ရဖူးပါတယ်။ ထိုအချိန်ကဆိုရင် မိမိတို့အဖိုးအဖွားတွေဟာ အလုပ်ကို ဖြောင့်တန်းစွာ မလုပ်ရဲကြပဲ မသေရုံတမယ် ပြောင်းဖူးဆန် အနီကြမ်းကြီးတွေ ၊ပိန်းဥတွေစားသောက်ခဲ့ရပါတယ်။ ကျနော်လူမှန်းသိစအရွယ် ၁၉၉၀ခုနှစ်တွေ အထိ ဒီလို ရိက္ခာရှားပါးခဲ့ရတာကို မှတ်မိပါသေးတယ်။ကြေးဥဆိုပြီး ဆန်အစာထိုး သစ်ဥတွေကိုတူးပြီး မိသားစုအလိုက် ယောချောင်းကြီးထဲ ဆင်းပီး ဖွပ်ကြရတာပါ။ အဲသည့်အချိန်ကဆိုလျှင် မိမိအနေဖြင့် ဘာမှအထူအပါးနားမလည်ခဲ့ပါဘူး။ ခုတော့ အဲလို အနေထားတွေကိုနားလည်လာသလို သည်အခြေနေကို ပြန်လည်မသက်ဆင်းရအောင် လက်ရှိယောဒေသကျောမွဲတွေအတွက်လဲ ဒေသအလုပ်အကိုင်လေးတွေ သက်ဆိုင်ရာက ဖန်တီးပေးရင်း ကယ်တင်ကူညီပေးဖို့ ဆန္ဒပြုမိပါတော့တယ်။

          တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတာကို လက်ခံလို့ မဟုတ်ပဲ တိုးပွားလာတဲ့ လူဦးရေ၊ရှိနေတဲ့ မိဘလက်ငုတ်လက်ရင်းလေးတွေမလောက်ငလို့ ဒေသကနေလွင့်စင်သွားပြီး ၀မ်းရေးအတွက် ရုန်းကန်နေကြရတဲ့ မိမိနှင့်ဘ၀တူ လူငယ်လူရွယ်လေးတွေ ဘ၀ကို မိမိသားသမီးများပမာ ခေတ္တခံစားပေးပြီး သက်ဆိုင်သူတို့ ပူပေါင်းဖြေရှင်းပေးစေချင်ပါတယ်။တကယ်တော့ကျနော်တို့တွေဟာ ကိုယ်မွေးတဲ့ ကိုယ့်ဒေသမှာပဲ ရိုးရာအမွေတွေ ဆက်ခံလို့ အေးအေးလူလူပဲနေချင်ကြတာဟာ ယောသူယောသားတိုင်းရဲ့ အရိုးခံစိတ်ရင်းပါ။ကျနော်တို့ဒေသမှာရှိကြတဲ့ သူတွေဟာ ဟိုးယခင် ပုဂံခေတ်ကတည်းကစလို့ နိုင်ငံတော်အတွက် အနောက်တံခါးမအတွက် လုံခြုံရေးကာကွယ်ပေးကြရင်း လေးသည၊် မြင်းသည် ၊ဆင်ကောင်းတွေ တွေမွေးထုတ်ဆက်သပေးခဲ့ကြပြီး အမြဲမပြတ် စစ်မှု့ထမ်းခဲ့ကြ၊ရိက္ခာထောက်ပံ့ပေးခဲ့ကြတဲ့ သစ္စာရှိ သွေးချင်း သားချင်းတွေပါ။ဖတ်မှတ်ထားသလောက် အလောင်းမင်းတရားရဲ့ သန်လျင်မြို့သိမ်းပွဲ နှင့် ယိုးဒယားအရေး၊ပုခန်းမင်းကြီး ရဲ့ မဏိပူရအရေးနှင့် တရုတ်ရန်ကာကွယ်ရန်အတွက် မိုးနဲ၊သိန္ဒီစစ်ကြောင်းချီတပ်အတွက် လူရိက္ခာ၊ မွန်ဘုရင် ရာဇာဓိရာဇ် အ၀ကို လာရောက်တိုက်ခိုက်တော့ ယောနယ်စစ်အင်အားကို ထုတ်ပြပြီး နောက်ပြန် တပ်ဆုတ်စေခဲ့တဲ့ ကာလ(မိမိ လေ့လာမိသေးသမျှသာ) စသည်တို့ကို ထောက်ရှု့ခြင်းဖြင့် ယခင်ကလဲ ပေးဆပ်ခဲ့ကြရသလို ခုထိလဲ ယောနယ်သား တွေဟာ စစ်ဖက် အရပ်ဖက်တွေမှာ ကြိုးကြိုးစားစားနဲ့ နိုင်ငံတော်အတွက်ပေးဆပ်ခဲ့ကြပါတယ်။သို့သော်လဲ မိမိတို့ ဒေသခံတွေအတွက် မည်သည့်ခေတ်ကမှ မိမိတို့ ဒေသကို အရောင်တောက်ပ အောင် မချီးမြှောက် ဖွံ့ဖြိုးအောင် မဆောင်ရွက်ပေးခဲ့ကြပါဘူး။ ဒါကြောင့်ယခုအခါမှာတော့ ကြည့်တတ်မြင်တတ်ပီး အခြေခံကြတဲ့ လူထုလိုအပ်တခုချင်းတွေ တတ်နိုင်သမျှ ကူညီဖြည့်ဆည်း ပြောင်းလဲ ပေးဖို့ သက်ဆိုင်ရအစိုးရပ်တစ်ခု၊ အုပ်ခူပ်သူ တာဝန်ခံသူတို့ အနေဖြင့် အရင်းမြစ်တွေကို သေချာရှာပီး ပြောင်းလဲပေးဖို့ တိုက်တွန်းလိုပါတော့တယ်ခင်ဗျာ။

ကိုရင် ဒိပ္ပ

ကိုးကားများ =ဂန္ဓ၀င် ချစ်ကြည်စတမ်းနဲ့ လွမ်းရတဲ့မြို့သူ ( ကိုယော)
                =ကုန်းဘောင်ခေတ် ယောဒေသ -(အေဒီ ၁၇၅၂-၁၈၈၅ ) ဦးကျော် (အငြိမ်းစား သမိုင်းပါမောက္ခ) အဖွဲ့ဝင်၊မြန်မာသမိုင်းအဖွဲ့

No comments:

Post a Comment