Sunday, October 5, 2014

သေမင်းတမန် မြွေပွေး (ယောဒေသမှ အန္တရာယ်ခြေနင်းမိုင်းများ )



လွန်ခဲ့သော၁၀နှစ်ခန့်ကထင်ပါသည်။ ကျွန်တော်လူပျိုပေါက် ၁၅/၁၆ နှစ်အရွယ်ခန့်က ယောချောင်းနံဘေး ဝါးဖောင်ဖွဲ့နေသော လူပျိုကြီးကိုဥာဏ်သာတစ်ယောက် မြွေကိုက်ခံရ၍ ငိုသည်တဲ့။ ကျွန်တော်တို့ သူ့မျက်နှာကိုကြည့်ပြီး ဟားတိုက်ရီခဲ့ကြဖူးပါတယ်။မြွေ။ ယောမှာ ကျွန်တော်တွေ့ဖူးသော မြွေများမှာ လင်းမြွေ၊ ရေမြွေ၊ မြက်လျှောမြွေ၊ ထန်းတက်မြွေ၊ မြွေယဉ်ကောင်၊ စပါးအုံးဆိုသော လူတွေ့လျှင် လှစ်နေအောင်ပြေးတတ်သော သတ္တဝါများ။ အဆိပ်မရှိ၊ ကိုက်ခံရလျှင် စစ်ခနဲ တစ်ချက်တော့ နာတတ်သည်။ ကျွန်တော်လည်း ကိုက်ခံခဲ့ရဖူးပါသည်။ မြွေဟောက်လည်းရှိသေးသည်။ အဆိပ်ရှိသည်။ လူမသေနိုင်၊ ခွေးတော့သေတာကြုံဖူးသည်။ လူကတော့ မတည့်လျှင်ရောင်တတ်သည်ဆို၏။ဤသို့ရေမြွေအကိုက်ခံရသော ကိုဥာဏ်သာ တစ်ယောက် ငိုနေသည်မှာ အလွန်ရီစရာပင်ဖြစ်ပါတော့သည်။

ဟိုးယခင် ယောသူယောသားတို့အဆိုအရ ယောမြွေများအဆိပ်မရှိခြင်းမှာ အမေယဉ်နတ်မယ်တော်ကြီးတန်ခိုးကြောင့်ဟုတချို့၊ လင်းမြွေရှိသောအရပ်၌ အဆိပ်ပြင်းမြွေမနေနိုင်ဟုတဖုံ၊ ကျွန်တော်ဖတ်မှတ်ဖူးသည်မတော့ အအေးပိုင်းဒေသမြွေများသည် အပူပိုင်းဒေသမြွေများလောက် အဆိပ်မပြင်းလို့ဖတ်မှတ်ခဲ့ဖူးပါတယ်။ကျန်ခဲ့တဲ့နှစ်များမတော့ သစ်တော၊ ဝါးတောကြီးများဖြင့်စိမ်းလန်းနေသော ကျွန်တော်တို့ယောဒေသပေါ့။
ကျွန်တော်တို့ရွာလေးဟာ တောင်သူလယ်သမားများသာဖြစ်ကြလို့ယောချောင်းကို ဆည်ပိတ်ကာ စပါးစိုက်ကြရတယ်။ ဆည်၂ခုအတွက် တစ်နှစ် သစ်၊ဝါး တန်၁၀၀ကျော်ကုန်မည်မှာမလွဲ။ ရာသီဥတုဖောက်ပြန်သဖြင့် သီးနှံမရဖြစ်ကြလျှင် သစ်ဝါးများပင်ခုတ်ရောင်းရပြန်ပါတယ်။လှလိုက်တဲ့တောတောင်ဟု ဘယ်သူမှထိုင်ကြည့်နေဖို့ ခွန်အားမရှိကြဘူးလေ။ဆင်းရဲနွမ်းပါးသူများဖြစ်ကြပြီး ဘယ်ဌာန ဘယ် NGO မှ ကူညီဖို့မလာကြ။ ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ်ဆိုသူများသာ ဝတ်စုံအမျိုးမျိုး၊ယူနီဖောင်း အမိုးမိုးနဲ့ အလျှိုလျှို။ သို့ကြောင့် `ဒေသ၀မ်းစာရေးအတွက် အိမ်သုံးအတွက်ကော စီးပွားရေးတဖက်ပါ သစ်ဝါးကိုအားကိုးရသည် ဖြစ်ရကား တဖြေးဖြေး သစ်ဝါးနည်းပါးလာပြီး တဖြေးဖြေး ပူနွေးလာသော ယောဒေသ ဖြစ်လာပေပြီ။

တစ်နေ့ကျွန်တော်ထင်းခုတ်ပြန်အလာ ရွာအဝင်ကမ်းပါးခြေရင်းမှာ မြွေ၊ မြင်လိုက်သည်နဲ့ ရေနံချောင်းမှာ ခေတ္တနေဖူးစဉ် ကျွန်တော်ခဏဏမြင်ဖူးသော မြွေပွေးထင်ရဲ့လို့ ဂရုတစိုက်နဲ့ နွားလှည်းပေါ်မှ ထင်းတစ်ချောင်းဆွဲ အသေသတ်ပြီး ကြိုးတစ်ချောင်းနဲ့နွားလှည်းမှာချည် ရွာထဲယူလာခဲ့သည်။ ရွာသားတစ်ချို့ခေါ်ပြရာ ဘယ်သူမှသေသေချာချာမသိ။ ပေါက်၊ ပခုက္ကူဒေသမှ ရွာမှာအိမ်ထောင်ကျနေသူများကို ခေါ်ပြမှ ဟုတ်တယ် မြွေပွေးဟုအတည်ဖြစ်သွားရသည်။
ဒါဆိုမြွေပွေးယောမှာရှိပြီ သတိဗျ၊ သတိဗျာ တစ်ယောက်နဲ့တစ်ယောက် သတိပေးနေရင်း။
အမှတ်မထင်ကြားလိုက်ရသည်မှာ ရွာချင်းကပ်လျက်က ရွာသားနှစ်ဦးမြွေပွေးကိုက်ခံရ၍ ဆုံးသွားသည်တဲ့။ ဘုရားရေ စိတ်ထဲ၌ မချိတော့။ ကျွန်တော်ငယ်ငယ်က မြွေကိုက်ခံရသူမျက်နှာကိုကြည့်၍ ရီခဲ့ရသောမျက်နှာ ပြုံးတောင်မပြုံးရဲတော့ပါ။ ဝမ်းနည်းကြေကွဲမှုတွေနဲ့ သူတို့မိသားစုများ ဘယ်လောက်ခံစားကြရမလဲ။ မျက်ရည်စက်လက်တွေနဲ့ပေါ့။

လူတောင်သေသည်အထိဖြစ်လာပြီဆိုလျှင် ကြီးမားသောအန္တရာယ်တစ်ခုကို တပ်လှန့်သတိပေးလိုက်ရပါတော့သည်။ရာသီဥတုပြောင်းလာသည်နှင့် မြွေပွေးယောဒေသမှာတွေ့သတဲ့၊ ဟိုရွာမှာတဲ့၊ ဒီရွာမှာတဲ့နဲ့ သတင်းများဟုတ်နိုးနိုးကြားနေရပြီ။ယခုလက်ရှိတင်ပြနေတဲ့ မြွေအန္တရယ်ဟာ ပုံတောင်တောင်တန်းကြီးရဲ့ ခြေရင်းကနေအစပြုပီး အနောက်ဖက်တခွင်ကို ရွေ့လျားလာနေတာ ဖြစ်ပါတယ်။ကျောက်ထုမြို့နယ်ခွဲ အတွင်းက လက်လှမ်းမှီသလောက် အတည်ပြုချက် ယူထားသမျှ အိမ်ခြေ ၅၀၀ကျော်ရှိ မန်းကျေးရွာတွင် ၃ဦး ၊သံပုရာကျေးရွာတွင် ၁ဦး၊လက်ပန်းကျေးရွာတွင် ၁ဦး နှင့် အသက်မသေပဲ ထိခိုက်ဒါဏ်ရာ ရသူတွေ စရင်းအတိအကျမရနိုင်ပဲ ပုံတောင်ဝန်းကျင် ကျေးရွာတွေမှာ ခဏခဏ ကြုံလာနေရပါပီ။အနောက်ဖက်တစ်ခွင်နဲ့ မြောင်ဖက်တစ်ခွင်ကို တစိမ့်စိမ့် ပျံ့နှံ့လာပါပြီ။ ထိခိုက်မိရင် ကုစရာမြွေဆိပ်ဖြေဆေးအဆင်သင့်မရှိပါ။ တိုက်နယ်ဆေးရုံ အနေနဲ့လဲ ဘာမှ အဆင်သင့်မဖြစ်သေးပါ။ကသောကမျောနဲ့ မိုင်၅၀ အကွာက ပေါက်၊ကမ္မ ဖက်က ဆေးရုံတွေကို ပြေးရပါတယ်။ ကံကောင်းထောက်မမှသာ အသက်မှီပါတယ်။ ဆေးတစ်လုံးရဲ့ ကုန်ကျစရိတ်က ၃ သိန်းနဲ့ အထက်ထိရှိနေတယ်လို့ သိထားရပါတယ်။ဒီတော့ အလွယ်တကူနဲ့ ကျေးရွာတိုင်း ဆောင်ထားနိုင်အောင် စီမံချက် တစ်ခုလိုလာပြီ။ တာဝန်ရှိတဲ့ အဖွဲစည်းတွေက တာဝန်သိသိနဲ့ လုပ်ပေးဖို့ ကာကွယ်ပေးဖို့ လိုလာပါပြီ။အရေးတယူမလုပ်ကြသေးရင်တော့ဒီထက်တောင်သူတွေအသက်တွေပေးဆပ်နေရအုံးမှာပါ။

မြွေပွေးရဲ့ အကောင်ပုံသဏ္ဍာန်မှာ အမြှီးနဲ့ခေါင်းလွဲချင်စရာ တိုတိုတုတ်တုတ်။ အမည်းနဲ့အဝါ အကွက်ကြီိးကြီးလှလှတွေနဲ့။ နေထိုင်ကျက်စားရာ မြေအရောင်ကိုလိုက်၍ အရောင်ကွဲခြားတတ်ကြသေးတယ်။ ရင်ပတ်မှာအမည်းစက်ကလေးများပါ၏။ ဤသည်ကား ကျွန်တော်တွေ့ဖူးသောမြွေပွေး။ အမျိုးအစားကွဲပြားနေကြသေးသည်ဟု ယူဆမိပါသည်။ ပြောင်ချောနေသော ခန္ဓာကိုယ်ကြောင့် ထိတို့ကိုင်စမ်းကြည့်ချင်စရာကောင်းလေဟန်။ သို့သော် ယင်ကောင် နားလျှင်တောင် အလွတ်မပေးတတ်သော သတ္တဝါဆိုသောကြောင့် သူတို့၏ ခွေကွေးနေသော ခန္ဓာကိုသာ တက်နင်းမိပြီဆိုပါလျှင် အသက်နဲ့ခန္ဓာ အိုးစားကွဲမည့် ခြေနင်းမိုင်းများပမာ။
သို့ဖြစ်လျှင် နေဝင်မိုးချုပ်အထိ နေပူမိုးရွာမရှောင် ချုံနွယ်ထူထပ်သော မြက်ပင်ပေါင်းပင်များကြား သီးနှံစပါးပင်များကြား အလုပ်လုပ်နေကြရသော ယောသူယောသား တောင်သူကြီးများ၏ အန္တရာယ်ကို မဖြစ်မှီ ဘယ်လိုကာကွယ်ကြမည်နည်း။ ဖြစ်ခဲ့လျှင် ကျွန်တော်တို့ ဘာဆက်လုပ်သင့်သည်တို့ကို အားလုံးသိထားနိုင်ကြရန် ဆက်လက်ဆွေးနွေးကြရအောင်ပါ။

Credit= သဇင်ချစ်သူ

ကိုရင် ဒိပ္ပ

No comments:

Post a Comment